Live
Home
မြန်မာသတင်း
ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရန်ရှိ/မရှိ လွှတ်တော်တင်မည့်ကိစ္စ အန်အလ်ဒီပါတီ စိစစ်ရေးခွင့်မပြု
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 10, 2017
  ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၆(ဃ) ကို ဖျက်သိမ်းရန် (သို့မဟုတ်) ပြင်ဆင်ရန် ရှိ မရှိ လွှတ်တော်မှာ မေးမြန်းမယ့်ကိစ္စကို အန်အယ်လ်ဒီပါတီစိစစ်ရေးထံ တင်ပြခဲ့ရာမှာ ခွင့်ပြုချက်မရရှိခဲ့ဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောပါတယ်။ “အမျိုးသားလွှတ်တော်က ပါတီစိစစ်ရေးဆိုတဲ့ သဘောမျိုးပေါ့ ကော်မတီဖွဲ့ထားတာရှိတယ်လေ။ မေးခွန်းတွေ၊ အဆိုတွေအတွက် အဲဒီမှာ တင်ရတယ်။ အဲဒီမှာတင် Pass မဖြစ်ဘူးပေါ့လေ။ ပါတီအနေနဲ့ ဘယ်လို မူဝါဒဆိုတာမျိုးတော့ ပြောမထားဘူး။ အကြမ်းဖျင်းနားလည်းတာကတော့ ပုဂ္ဂိုလ်ရေး မထိခိုက်စေနဲ့ပေါ့လေ။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို မထိခိုက်စေနဲ့ပေါ့လေ။ ဒါကတော့ General Principal ပေါ့။ ဒါကတော့ လူတိုင်းသိ ပါတယ်။ ပုဂ္ဂိုလ်ရေးထိခိုက်မှုတွေ ဘာတွေနဲ့ မလုပ်ပါဘူး။ ပါတီအပေါ်က သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းအရ လိုအပ်တယ်လို့ ထင်လို့ သတ်မှတ်တာဖြစ်မှာပေါ့ဗျာ။”လို့ ဦးရဲထွဋ်က မတ်လ ၁၀ ရက် ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်မှာ ပြောဆိုခဲ့တာပါ။ အဲဒီကိစ္စကို လွှတ်တော်အတွင်း မေးမြန်းလိုတဲ့အကြောင်း  ပါတီစိစစ်ရေးထံ လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက တင်ပြခဲ့တာလို့ သိရပါတယ်။ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ကို ကြယ်ပွင့်ပြ မေးခွန်းအနေနဲ့ တင်သွင်းဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး ကြယ်ပွင့်မေးခွန်းကို သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ပြန်လည်ဖြေကြားပေးရတာဖြစ်ပါတယ်။ ကြယ်ပွင့်မပြတဲ့ မေးခွန်းတွေကတော့ ဘယ်သူမှမသိဘဲ မေးမြန်းသူနဲ ပြန်လည်ဖြေဆိုသူသာ သိတဲ့ မေးခွန်းဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ အမြင်မတူသူတွေအကြား အပြန်အလှန် ဝေဖန်တိုက်ခိုက်စွပ်စွဲပြောဆိုရေးသားမှုတွေနဲ့ ပတ်သက်ပြီး အသရေဖျက်မှုနဲ့ တရားစွဲရမယ့်အစား ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့  တရားစွဲဆိုမှုတွေ မြင့်မားလာနေတာဖြစ်ပြီး အန်အယ်လ်ဒီက  ဦးမျိုးရန်နောင်သိန်းကိုယ်တိုင် ဒီအမှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024