ဂွါတီမာလာတွင် ဘော်ဒါဆောင် မီးလောင်၊ ဆယ်ကျော်သက်မိန်းကလေး ၂၀ ကျော်သေဆုံး

ဂွါတီမာလာနိုင်ငံ မြို့တော်မှာ မတ်လ ၈ ရက်နေ့က  အစိုးရဘော်ဒါဆောင်တခု မီးလောင်ကျွမ်းခဲ့ပြီး ဆယ်ကျော်သက်မိန်းကလေး ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒါကြောင့် အစိုးရက ၀မ်းနည်းခြင်းကာလ ၃ ရက်ကြေညာလိုက်တာပါ။ မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းနဲ့ အဆောင်စီမံအုပ်ချုပ်မှုကို အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။ ဒီဘော်ဒါ ဆောင်ကြီးဟာ မြို့တော်ရဲ့ အရှေ့တောင်ဘက် ၁၅ မိုင်အကွာက မြို့ငယ်တခုမှာ တည်ရှိပြီး အဆောင်ဆူပူမှုအတွင်း အဆောင်ကို မီးရှို့လို့ စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ အဲ့ဒီဘော်ဒါဆောင်မှာ ကလေးတွေကို လက်ခံနိုင်တာထက် ပြည့်ကြပ်နေအောင် လက်ခံထားတာပါ။ မီးလောင်မှုမဖြစ်ခင် အဆောင်မှာ မိန်းကလေးတွေအပေါ် အဆောင်တာဝန်ရှိသူတွေက လိင်ပိုင်းစော်ကားမှုတွေဖြစ်လို့ အဓိကရုဏ်းတွေဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အဆောင်မီးရှို့မှုဖြစ်ခဲ့ပြီး မိန်းကလေးအဆောင်ဘက်က စတင်လောင်ကျွမ်းတာလို့ မီးသတ်တပ်ဖွဲ့တွေက ပြောဆိုပါတယ်။ လူအနည်းဆုံး ၄၀ လောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး တချို့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူ မိန်းကလေးငယ်တွေ အားလုံး အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်ကြားအရွယ်တွေဖြစ်ကြပါတယ်။ “အဆောင်မှာ နေရေးထိုင်ရေး၊ စားသောက်ရေး အဆင်မပြေတာတွေ၊ အဆောင်အုပ်ချုပ်သူတွေရဲ့ ဖိနှိပ် စော်ကားမှုတွေဖြစ်နေတဲ့အတွက် တချိန်မဟုတ်တချိန် အခုလို ဆူပူမှုဖြစ်မယ်ဆိုတာ သိတယ်” လို့ အဆောင်ဝန်ထမ်းဟောင်းတဦးကပြောဆိုပါတယ်။ အေဆောင်မှာ ကျောင်းသူကျောင်းသား အယောက် ၄၀၀ ပဲ လက်ခံနိုင်တာကို အဲ့ဒီထက် အဆမတန် လက်ခံထားတယ်လို့လည်း ဒေသခံသတင်းတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up