Home
ဆောင်းပါး
ပြည်သူ့ဆန္ဒကို ချေဖျက်ခြင်း၊ နိုင်ငံတော် အကြမ်းဖက်သမားများကို ရွှေဖော့လုံးနှင့် ရိုက်အပြစ်ပေးသူတို့
DVB
·
March 9, 2017
  မျက်မှောက်ကာလ မြန်မာနိုင်ငံမှာ တရားစီရင်ရေးမဏ္ဍိုင်ကြီး ယိမ်းယိုင်နေတာက အလွန်အမင်း ရုပ်ပျက်ဆင်းပျက်အဆင့်ကို ရောက်နေပါပြီ။ အရင် စစ်အာဏာရှင် ခေတ်တွေကတည်းကနေ ငွေများတရားနိုင်၊ အာဏာပိုင်တွေက တရားစီရင်ရေးကို ခြယ်လှယ်လာခဲ့ကြတာ အများပြည်သူကတော့ ခံဘက်ကချည်းပဲ နေခဲ့ရတာ အခုထိတိုင်ပဲ မဟုတ်လား။ လူတစု ကျူးလွန်ခဲ့တဲ့ အမှုမှန်မပေါ်တဲ့ လူသတ်မှုတွေ၊ မုဒိမ်းမှုတွေ၊  လေးလောင်းပြိုင်၊ ပိုင်ရှင်မပေါ်တဲ့ မူးယစ်ဆေးဝါးတွေ စတဲ့ အမှုပေါင်း ကုဋေကုဋာရှိခဲ့တဲ့ သမိုင်းဆိုး သမိုင်းညစ် စွပ်ကြောင်းကြီးက အထင်အရှား ရှိနေတုန်းပါပဲ။ လတ်တလော အထင်ရှားဆုံး အကြမ်းဖက် လုပ်ကြံမှုကတော့ အများသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အထွက်မှာ ဖြစ်ပွားခဲ့တဲ့ အနိုင်ရပါတီကြီးဖြစ်တဲ့ ပြည်သူ့ပါတီ အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအကြံပေးအဖွဲ့ဝင် ရှေ့နေကြီးဦးကိုနီကို နောက်ကနေ သေနတ်နဲ့တေ့ပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အမှုဟာ မျက်ကန်းမျိုးချစ်စိတ်ကြောင့် ပုဂ္ဂိုလ်ရေး မကျေနပ်မှုနဲ့ ကျူးလွန်ခဲ့တဲ့ ရိုးရိုးလူသတ်မှု၊ ရာဇဝတ်မှု မဟုတ်ပါဘူး။ မပြေးသော်ကန်ရာရှိဆိုသလို အပြောင်းအလဲ မလိုလားတဲ့ အုပ်စုကြီးရဲ့ နိုင်ငံရေးရည်မှန်းချက်ပါတဲ့ နိုင်ငံတော်အဆင့် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်မှုဟာ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲကို လမ်းချော်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူအများစုဆန္ဒဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေး ကိစ္စရပ်ကြီးကို ထိုးနှက်တိုက်ခိုက်တာ ဖြစ်သလို၊ အဲဒီကိစ္စကို ထုတ်ဖော်မပြောရဲအောင် အကြောက်တရားကို ဖန်တီးဖို့ ပြည်သူလူထုကို ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီလောက်ကြီးကျယ်တဲ့ နိုင်ငံတော်အဆင့် အကြမ်းဖက်မှုကို အမှန်တရားအတိုင်း ထိထိရောက်ရောက် ထုတ်ဖော်အပြစ်ပေး အရေးယူဖို့ အလွန်အရေးကြီးလှပါတယ်။ ဒါပေမယ့်လည်း အမှုဖြစ်ပြီး ၁ လနီးပါး အချိန်ကြာမြင့်ပြီးတဲ့နောက် တကယ်တမ်း အဲဒီအကြမ်းဖက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ရဲ့ သတင်းစာရှင်းလင်းပွဲဟာ လူတွေ လှောင်ပြောင်သရော်ခံတဲ့ ယိုသူမရှက်၊ မြင်သူရှက်ရတဲ့ပွဲ ဖြစ်သွားခဲ့ပါတယ်။ အမှုလိုက်ထားပုံ ဖြစ်စဉ်အဆင့်ဆင့်၊ အထောက်အထား အချက်အလက် စုဆောင်းပုံတွေ၊ အမှုကွင်းဆက် ရှာဖွေပုံတွေ၊ ကောက်ချက်ဆွဲပုံတွေမှာ လစ်ကွက်၊ ဟာကွက်တွေ၊ လိုအပ်ချက်တွေ ဗွက်ထနေတာမို့ လူရယ်စရာ ဖြစ်ခဲ့ရတာပါ။ အဲဒီအထဲမှာ အကြမ်းဖက်လူသတ်မှုကို ကျူးလွန်ရတဲ့ အရင်းခံအကြောင်းတရားကို ကောက်ချက်ဆွဲရာမှာ သုံးနှုန်းသွားတဲ့ ပေါ့ပေါ့တန်တန် ဖြစ်စေဟန်ရှိတဲ့ အသုံးအနှုန်းကတော့ လူငယ်တို့သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် အစွန်းရောက်မျိုးချစ်စိတ် ကိန်းအောင်းသွားချိန်မှာ ကျူးလွန်ခဲ့ကြတာပါလို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုမျိုး နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေက ပုံပြင်ပြောသလို ပြောဆိုသွားခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ အကြမ်းဖက်လူသတ်မှုကို ခိုင်းစေညွှန်ကြားခဲ့တယ်ဆိုတဲ့ ထွက်ပြေးလွတ်မြောက်နေဆဲ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နဲ့ တွေ့ဆုံခဲ့တာကြောင့် စုံစမ်းစစ်ဆေးခံခဲ့ရသူ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်လည်းဖြစ်၊ ယခင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ စစ်ဘက်အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းနဲ့ ပတ်သက်ပြီး သူနဲ့ သူ့ပါတီ ပြည်ခိုင်ဖြိုးပါတီ၊ တခြားအဖွဲ့အစည်းတွေ ပါဝင်ပတ်သက်မှု ရှိနိုင်၊ မရှိနိုင် မေးမြန်းတာကို ပြည်ခိုင်ဖြိုးပါတီတွေ ဘာတွေ ပါတယ်ဆိုတာ ဘာမှ ပြောစရာအကြောင်းမရှိဘူးလို့ ရှေ့ကနေ စကားပိတ် ဖြေကြားသွားတာရယ်၊ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းဟာ လွှတ်တော်အမတ်ဖြစ်နေလို့ လူသတ်ဖို့ကိစ္စ ပြောမှာမဟုတ်ဘူးလို့ ကာကွယ်ပြောဆိုမှုဟာ မဆီလျော်တဲ့အပြင် ဘက်လိုက်မှုကို ထင်ထင်ရှားရှား ပြသလိုက်တာပါပဲ။ တကယ်တော့ လွှတ်တော်အမတ်အဆင့်မှ မဟုတ်ပါဘူး၊ ဘယ်လို ရာထူးအဆင့်မြင့်မြင့်၊ လူဆိုတာ ဖောက်ပြန်မိုက်မဲတတ်ပါတယ်။ ဒါကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက သတင်းစာရှင်းလင်းပွဲမှာ ရှေ့နေလိုက်ပေးသလို ကာကွယ်ပြောဆိုသွားတာဟာ မလုပ်သင့်တဲ့အမှု ပြုသွားခဲ့တာပါပဲ။ ပြီးတော့ ရှေ့နေကြီးဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သက်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေတယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့တုန်းက DVB-TV က ထုတ်လွှင့်သွားတဲ့ ရှေ့နေကြီးဦးကိုနီ လုပ်ကြံခံရမှုအတွက် အမှုမှန်ပေါ်ပေါက်ရေး စကားဝိုင်းမှာ ဦးကြီးမြင့် (တရားလွှတ်တော် ရှေ့နေ၊ ပြည်ထောင်စုရှေ့နေများအဖွဲ့) နဲ့ ကိုဆွေဝင်း (အယ်ဒီတာချုပ်၊ Myanmar Now) တို့ ပါဝင်သုံးသပ်သွားကြတာကို နားထောင်ဖြစ်ခဲ့ပါတယ်။ အဲဒီစကားဝိုင်းမှာ တရားလွှတ်တော်ရှေ့နေ ဆရာဦးကြီးမြင့် ထောက်ပြ ဆွေးနွေးသွားခဲ့တာတွေအနက်က အရေးကြီးတဲ့အချက်ကို ပြောရရင် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်သူတွေကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့ စွဲချက်တင်ဖို့ ပြင်ဆင်မယ်ဆိုတာဟာ ဥပဒေရှုထောင့်ကကြည့်ရင် မှားယွင်းနေကြောင်း၊ အမှန်တကယ် အသုံးပြုရမယ့် ဥပဒေပုဒ်မက ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအမှတ် ၂၃ ‘အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ’ ဖြစ်တဲ့အကြောင်း၊ အဲဒီဥပဒေဖြင့် အရေးယူခံရရင် သေဒဏ်အထိ အပြစ်ကျခံရနိုင်ကြောင်း အများပြည်သူတွေ သိရှိနိုင်အောင် အနည်းငယ် ရေးပြချင်ပါတယ်။ ‘အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ’ ဆိုတာ အကြမ်းဖက်မှုတခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီဘဲ တနည်းနည်းဖြင့် ကျူးလွန်သူ၊ သို့မဟုတ် ကျူးလွန်ရန် အားထုတ်သူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ် ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံးသိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှု ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုလိုပါတယ်။ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု ဆိုသည်မှာ အကြမ်းဖက်မှုတခုခု ကျူးလွန်ရန် အချိန်ကာလတခုခုယူ၍ ဖွဲ့စည်းထားသည့် လူ ၂ ဦးနှင့် အထက်ပါသော အသင်းအဖွဲ့ကို ဆိုတယ်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ လည်းကောင်း၊ ဗဟိုအဖွဲ့က ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့်လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုတွေ ပါဝင်တယ်။ နောက်တခါ လှုံ့ဆော်မှုဆိုတာ အကြမ်းဖက်မှုတခုခုကို ကျူးလွန်ရန်အတွက် လှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစကား သို့မဟုတ် သတင်းစကား အချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြား တနည်းနည်းဖြင့် ကြားမြင်သိရှိခြင်းကို ဆိုလိုတယ်။ အခုဆိုရင် အွန်လိုင်းနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘာသာအချင်းချင်းကြား၊ လူမျိုး တမျိုးနဲ့တမျိုးကြား အမုန်းတရား ဖြန့်ဖြူးနေတာတွေ၊ လှုံ့ဆော်နေတာကို အဲဒီ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရပါတယ်။ အဲဒီလို လှုံ့ဆော်မှုတွေနဲ့ပတ်သက်လို့ ဥပမာတခုအနေနဲ့ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင် ဆရာတော်တပါးဖြစ်တဲ့ ဦးဝီရသူဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။ ဦးကိုနီကို သတ်တဲ့သူတွေကို ကျေးဇူးတင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးချင်သူတွေကို သတိပေးတယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဆရာဦးကြီးမြင့်ကို မေးမြန်းရာမှာ … ဆရာက... “ဒါဟာ နောက်ထပ်အလားတူအမှုမျိုး ထပ်ကျူးလွန်အောင် လှုံ့ဆော်လိုက်တာလေ။ လူသတ်မှုက ဖြစ်ပြီးသွားလို့ အရေးယူလို့ မရတော့ဘူး ဆိုတာမှ မဟုတ်တာ။ လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါပေမယ့် သူ့ကို အရေးယူမှုမရှိတာနဲ့ ပတ်သက်ရင်တော့ ကိုယ်လည်း ဗုဒ္ဓဘာသာဝင်တဦး ဆိုတော့ ဘုန်းကြီးတပါးကို အရေးယူဖို့ ပြောဖို့ရာမှာတော့ … ကွာ။ ဒါက နိုင်ငံတော်ရဲ့ တာဝန်ပဲ” လို့ ဖြေကြားခဲ့ပါတယ်။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ပြည်သူလူထုတရပ်လုံးကို ခြိမ်းခြောက်လိုတဲ့ နိုင်ငံရေး ရည်ရွယ်ချက်ပါတဲ့ နိုင်ငံတော်အဆင့် အကြမ်းဖက်သတ်ဖြတ်တဲ့ အမှုကိစ္စကို ဘယ်သူကပဲဖြစ်ဖြစ်၊ ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ် ဖုံးဖိမယ်၊ ပါဝင်ပတ်သက်နေသူတွေ၊ ကြိုးကိုင်စီစဉ်ခဲ့သူတွေကို အကုန်အစင် မဖော်ထုတ်ဘူး၊ ထိမ်ချန်မယ်၊ အမှုမှန်မပေါ်အောင် လမ်းလွှဲမယ်ဆိုရင်တော့ အဲဒီလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အဲဒီအကြမ်းဖက်သူတွေနဲ့ ကြံရာပါသော်လည်းကောင်း၊ အလိုတူအလိုပါသော်လည်းကောင်း၊ နောက်ကွယ်က ကြိုးကိုင်တဲ့ အကြမ်းဖက် လက်မည်းအုပ်စုကြီးလို့ ပြည်သူတွေရဲ့ သတ်မှတ် အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကို ချေဖျက်ဖို့ ရည်ရွယ်တဲ့ အကြမ်းဖက်သမားတွေကို ကိုယ့်ဘက်ကလူတွေ ဖြစ်လို့ ဘက်လိုက်ပြီး ရွှေဖော့လုံးနဲ့ရိုက် အပြစ်ပေးဖို့ ကြိုးပမ်းမှုကို ချက်ချင်းရပ်ပါ။ နောက်ထပ် အကြမ်းဖက်မှုတွေ၊ အနိဋ္ဌာရုံတွေ ထပ်မံဖြစ်ပေါ်လာအောင် သွေးထိုးမြှောက်ပင့် လှုံ့ဆော်နေမှုတွေကိုလည်း အဂတိတရားကင်းကင်းနဲ့ ပြတ်ပြတ်သားသား အရေးယူ နှိမ်နင်း အပြစ်ပေးဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေသာမက တရားအမှန် ပေါ်ပေါက်ရေးအတွက် မိဘပြည်သူ တရပ်လုံးကိုလည်း အကြမ်းဖက် အဖြေရှာမှုတွေကို တားဆီးရာမှာ အင်တိုက်အားတိုက် ပိုမိုဝိုင်းရံ ကူညီကြဖို့ ဒီဆောင်းပါးကနေ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ မင်းကောင်းချစ် မတ်လ (၆) ရက်နေ့  ၂၀၁၇ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024