Home
မြန်မာသတင်း
၆၆ (ဃ) ဖြင့် တရားစွဲခံထားရသည့်အပေါ် တောင်းပန်စရာမလိုဟု ကိုဆွေဝင်း ပြော
အောင်သူ
·
March 9, 2017
ဦးဝီရသူအပေါ် ရေးသားချက်နဲ့ ပတ်သက်ပြီး ၆၆(ဃ)နဲ့ တရားစွဲခံထားရတဲ့ မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းက ဒီကိစ္စနဲ့ပတ်သက်ပြီ တောင်းပန်စရာလည်း မလိုသလို ညှိနှိုင်းမှုလည်း လုပ်ဖို့မလိုဘူးလို့ ပြောပါတယ်။ ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်နေတဲ့ မဘသ ပြန်လာပြီ၊ ဦးဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီ၊ ပါရာဇိက ခုမှ ကျတာတော့ မဟုတ်လောက်ဘူး ဆိုပြီး ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားဖော်ပြချက်တွေကြောင့် မြန်မာနောင်းအယ်ဒီတာချုပ်ကို ဦးကျော်မျိုးဆွေက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းမှာ ၆၆(ဃ) နဲ့ တရားစွဲခဲ့ပါတယ်။ နေ့လယ် ၂ နာရီအထိ ရဲစခန်းဘက်က  အမှုနဲ့ပတ်သက်ပြီး ဘာမှ အကြောင်းကြားတာ မရှိသေးဘူးလို့ ကိုဆွေဝင်းက ပြောပါတယ်။ တရားစွဲခံရတာနဲ့ ပက်သက်ပြီး မတ်လ ၈ ရက်နေ့ နေ့လယ် ၂ နာရီက သတင်းဌာနတွေ တွေ့ဆုံခဲ့ပြီး သူ့အနေနဲ့ ပြန်တောင်းပန်ဖို့ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ “ဒီတကြိမ်တခါတည်းပဲ အမုန်းစကားတွေ ပြောနေတာ မဟုတ်ဘူး။ အမြဲတမ်းပဲ တနိုင်ငံလုံးပတ်ပြီးတော့ မီးမွှေးနေတဲ့ ပုဂ္ဂိုလ်။ ဒါတွေက အားလုံးအသိပဲ။ ကျနော်တို့အားလုံး ငြိမ်သာ ငြိမ်ခံနေရတာ။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်ပြီး ပါရာဇိကကျတယ်ဆိုတာ၊ ပါရာဇိကကျတယ်ဆိုတဲ့အဆင့်က တော်တော်လေးကို သက်သာသေးတယ်။ သူဟာ သာမန် လူကောင်းတယောက် အဆင့်တောင် မဟုတ်တော့ဘူး။ ဒါ ဒုစရိုက်သမားပဲ။ ထောင်ထဲမှာ အပြစ်ပေးရမယ့် ပုဂ္ဂိုလ်မျိုး” လို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောပါတယ်။ ဦးဝီရသူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဦးကိုနီကို လုပ်ကြံတဲ့သူတွေကို ဆုတောင်းပေးတဲ့ အရေးသားတွေကို ရေးသားခဲ့ပါတယ်။ ဒီလို ရေးသားမှုတွေကို အစိုးရအနေနဲ့လည်း ကြည့်မနေသင့်တဲ့အပြင်  ဒါကို ကြည့်နေတဲ့ အစိုးရဟာ ရာဇဝတ်မှုကို အားပေးတဲ့အစိုးရ ဖြစ်တယ်လို့ ကိုဆွေဝင်းက ဝေဖန်ခဲ့ပါတယ်။ “ကျနော်တို့နိုင်ငံမှာ တရားမဝင်အဖွဲ့အစည်း ရပ်တည်လို့မရဘူး။ ဘာဖြစ်လို့ ဒီအဖွဲ့အစည်းက ရပ်တည်နေသလဲ။ ဒီအဖွဲ့အစည်းဟာ သံဃာ့စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုရင် ဘာကြောင့်မို့လို့ သံဃာတော်တွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတာလဲ။ ဆိုတော့ ဥပဒေက လိုအပ်ရင် လိုအပ်သလို သုံးတယ်၊ မလိုအပ်ရင် မလိုအပ်သလို မသုံးဘူးဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီး ကျနော်တို့ ရှင်းကို ရှင်းရမယ်။ ဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီး ကျနော်တို့ ရေးကို ရေးရမယ်။” ဦးဝီရသူရဲ့ ရေးသားချက်တွေဟာ ပါရာဇိက မကျပေမယ့် ဘုရား သားတော်တပါးအနေနဲ့ လူသတ်မှုကို ထောက်ခံကြောင်း ရေးသားချက်တွေကို ဦးဝီရသူအနေနဲ့ ရှောင်ကြဉ်သင့်တယ်လို့ ရွှေဝါရောင် ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဦးစန္ဒာသီရိက ပြောပါတယ်။ “လူသတ်တဲ့လူတွေကို၊ ပါဝင်ပတ်သက်တဲ့လူတွေကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြီးတော့ ပြောတာဆိုတာ ရေးသားတာတွေဟာ ဗုဒ္ဓဝါဒသည် မေတ္တာဝါဒကို အခြေခံတဲ့ ဘာသာတရားဖြစ်တဲ့အတွက် ဒါ ဘာသာတရားအပေါ်မှာ မေတ္တာတရား ကင်းမဲ့တယ်လို့ ပြောလို့တာပေါ့။ ပါရာဇိကတော့ မကျဘူး။ မေတ္တာတရားတော့ ကင်းတယ်။ အဲဒီတော့ ဗုဒ္ဓဝါဒလမ်းစဉ်နဲ့ သွေဖည်နေတယ်၊ ဆန့်ကျင်ရာတော့ ရောက်နေတယ်။” မကြာသေးခင်ကမှ ပြောင်းလာတဲ့ ကိုဆွေဝင်းရဲ့ နေရပ်လိပ်စာတွေပါ တိုင်တန်းတဲ့အထဲမှာ အတိအကျပါနေတဲ့အတွက် ဒါတွေကို အာဏာပိုင်အဖွဲ့အစည်းက မပေးဘဲ မရနိုင်လို့ အခုလို တရားစွဲဆိုထားမှုဟာ အာဏာပိုင်အဖွဲ့အစည်းတွေကပါ ပူးပေါင်းကြံစည်တာဖြစ်နိုင်တယ်လို့ ကိုဆွေဝင်းက ပြောပါတယ်။ သူ့ရဲ့ ရေးသားချက်နဲ့ပတ်သက်လို့ ၇ ရက်အတွင်း တောင်းပန်ဖို့ တရားစွဲသူက ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားဖော်ပြခဲ့ပေမယ့် ပြန်လည်တောင်းပန်တာမရှိတဲ့အတွက် ဦးဝီရသူက အမှုဖွင့်ဖို့ ညွန်ကြားတဲ့အတွက် တရားစွဲခဲ့တာလို့ တရားစွဲသူရဲ့ တိုင်ချက်မှာ ရေးသား ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024