အကျဉ်းထောင်နှင့် အချုပ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၄၅ ယောက်ရှိ
ပိုင်စိုး
·
March 9, 2017
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အကျဉ်းထောင်၊အချုပ်တွေကနေ ဖြေဆိုသူ ၄၅ ယောက် ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ရန်ကုန်အင်းစိန်ထောင်က ၂၈ ယောက်၊ မန္တလေး ဗဟိုထောင်က ၁၂ ယောက်၊ သာယာဝတီထောင်နဲ့ ဘားအံထောင်က တယောက်စီ၊ ပေါက် မြို့မရဲစခန်းအချုပ်က ၂ ယောက်နဲ့ မကွေးမြို့သစ် ရဲစခန်း အချုပ်က တယောက် ဖြေဆိုခဲ့တာပါ။
ဆေးရုံတွေမှာ ဖြေဆိုသူတွေအနေနဲ့ကတော့ ရန်ကုန်ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီး စာစစ်ဌာနတွေ အပါအဝင် တနိုင်ငံလုံးက ဆေးရုံတွေမှာ ဖြေဆိုသူပေါင်း ၉၆ ယောက်ရှိပါတယ်။
ဒါ့အပြင် တနိုင်ငံလုံးမှာ အမြင်အာရုံ မသန်စွမ်းသူ ၂၄ ယောက်၊ အကြားအာရုံ မသန်စွမ်းသူ ၁၉ ယောက်နဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ၁၀၁ ယောက် ဖြေဆိုကြတယ်လို့လည်း သိရပါတယ်။
လတ်တလောမှာ တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ဖြေဆိုဖို့ စာရင်းပေးထားသူ ၁၀၀ ရှိပြီး ၈၇ ယောက်ဖြေဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံထဲမှာ စာစစ်ဌာနပေါင်း ၁၅၇၇ ခုရှိပြီး နိုင်ငံခြားစာစစ်ဌာန ၁၇ ခုရှိပါတယ်။ စိတ်ကြိုက် မြန်မာစာ ဘာသာတွဲယူထားသူကတော့ နိုင်ငံခြားစာစစ်ဌာနက တယောက်အပါအဝင် စုစုပေါင်း ၃ ယောက်ပဲ ရှိတာပါ။
မတ်လ ၈ ရက်မှာ စတင်ကျင်းပနေတဲ့ စာမေးပွဲမှာ ဖြေဆိုဖို့ စာရင်းပေးထားသူပေါင်း ၇၆၇၄၂၂ ယောက် ရှိပြီး ဖြေဆိုသူပေါင်း ၇၁၆၂၁၆ ယောက် ရှိပါတယ်။