အလက်ပိုမြို့ အဓိကရေပေးဝေရေးစခန်းကို ဆီးရီးယားအစိုးရတပ် ထိုးစစ်ဆင်သိမ်းပိုက် (ရုပ်သံ)

MIDEAST-CRISIS-SYRIA-ALEPPO-ARMY02 by DVB ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုမြို့မှာ အဓိကရေပေးဝေရေး စခန်းတခုကို ဆီးရီးယား အစိုးရတပ်တွေ ပြန်လည်သိမ်းပိုက်ရရှိတယ်လို့ စစ်အနီးကပ်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဒီ ရေပေးဝေရေးစခန်းကို ထိန်းချုပ်ခဲ့ကြတဲ့ အိုင်အက်စ်တပ်ဖွဲ့တွေ မြို့ကို ရေမလွှတ်ပေးခဲ့တဲ့အတွက် မြို့ခံပြည်သူတွေ ၂ လနီးပါး ရေပြတ်လပ်ခဲ့ကြတာပါ။ အခုတော့ ဆီးရီးယားတပ်ဖွဲ့တွေက ရေပေးဝေရေးစခန်းနဲ့ ပတ်ဝန်းကျင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဗြိတိန်နိုင်ငံအခြေစိုက် ဆီးရီးယားစစ် စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ ရုရှားလေတပ်ရဲ့ နောက်ခံပစ်ကူပေးမှုနဲ့ ဆီးရီးယားအစိုးရတပ် ထိုးစစ်ကို အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့ဝင်တွေ မခံနိုင်ဘဲ ဆုတ်ပေးခဲ့ကြပြီး အဲဒီစစ်ဆင်ရေးအတွင်း အိုင်အက်စ်တပ်ဖွဲ့ဝင် ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ အစိုးရတပ် သတင်းရင်းမြစ်တွေကို ကိုးကားပြီး အစိုးရပိုင် ဆနာသတင်းအေဂျင်စီက ဆိုပါတယ်။ ဆီးရီးယားနိုင်ငံမှာ အစိုးရနဲ့ အတိုက်အခံ သူပုန်တပ်ဖွဲ့တွေကြား အပစ်အခတ် ရပ်စဲထားကြပေမယ့် အဲဒီသဘောတူညီမှုမှာ အိုင်အက်စ် အကြမ်းဖက်တွေနဲ့ အစွန်းရောက်တပ်ဖွဲ့တချို့ မပါဝင်ပါဘူး။ ဆီးရီးယားအစိုးရတပ်တွေနဲ့ အိုင်အက်စ် အကြမ်းဖက်တွေ အလက်ပိုပြည်နယ်မှာ အပြင်းအထန် တိုက်ခိုက်နေကြပြီး အခုနှစ် ဖော်ဖော်ဝါရီ ၂၅ ရက်နေ့ကစပြီး ဒေသခံပြည်သူ ၂၆၀၀၀ ကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up