Live
Home
မြန်မာသတင်း
ဖြူးမြို့၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ၂ ဦး ယာဉ်တိုက်မှုဖြစ်
DVB
·
March 8, 2017
မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မှာ ဖြူးမြို့မရဲစခန်း မြောက်ဘက် ၁ မိုင်ခန့်အကွာ  ရန်ကုန်-မန္တလေးလမ်းမဟောင်း မိုင်တိုင်အမှတ် ၁၄၂ မိုင်၇ ဖာလုံနဲ့ ၁၄၃ မိုင်အကြားတွင် ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ဖြူးမြို့ အ.ထ.က(၁)၊ ဒသမတန်း(F) မှာ ကျောင်းတက်နေတဲ့ မောင်ဇင်ကျော်ထက်က မောင်းနှင်ပြီး  မြို့မအနောက်ရပ်ကွက် ဖြူးမြို့၊ “မိုးဟိန်းထက်” ကိုယ်ပိုင်ကျောင်းမှာ ကျောင်းတက်နေသူ မောင်ဇွဲသိင်္ခ နောက်မှာလိုက်ပါလာတဲ့ ယာဉ်အမှတ် ၄၁ယ/၇၃၆၁၅ အနက်ရောင်ဆိုင်ကယ်မှာ လမ်းအတိုင်း တောင်ဘက်မှမြောက်ဘက်သို့ မောင်းနှင်လာစဉ် ဖြူးမြို့နယ် ရေသျှံကြီးကျေးရွာအုပ်စု၊ ဝဲဒေါင့်ဆယ်ပြည့်ရွာနေ ယာဉ်မောင်းရဲခေါင်ထွန်း မောင်းနှင်လာတဲ့ နံပါတ်မပါ(လိုင်စင်စိစစ်ဆဲ) လော့ဂျားအနက်ရောင်ဆိုင်ကယ်နဲ့ လမ်းမအလယ်မှာ တိုက်မိခဲ့တာပါ။ "ကောင်လေးတွေ ဆိုင်ကယ်နဲ့ အခုဖြစ်တဲ့ဆိုင်ကယ်က လမ်းလယ်မှာကို တိုက်တာဗျ။ တယောက်ကတော့ မသက်သာလောက်ဘူး။ ကျနော်တို့ တွေ့တော့ပျောခွေနေပြီ။ လမ်းလယ်မှာ ဆိုတော့ နှစ်ဖက်လုံး မှားတာဖြစ်ဖို့ များတယ်။ ဖြူးဆေးရုံတင်တော့ မရလောက်ဘူး။ တောင်ငူနဲ့ ရန်ကုန် တခုခုတော့ တင်ရမှာပဲ။ စိုးရိမ်ရတဲ့ အနေအထားပဲ" လို့ မျက်မြင်တွေ့သူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နှစ်စီးလုံး လဲကျသွားခဲ့ရာ ဇင်ကျော်ထက်မှာ ယာခြေချောင်းများ ပွန်းပဲ့ဒဏ်ရာ၊ ဝဲခြေသလုံး နာကျင်ဒဏ်ရာများ ရရှိပြီး နောက်မှာလိုက်ပါလာတဲ့ ဇွဲသိင်္ခမှာ ဝဲဘက် ခြေသလုံးပွန်း ဒဏ်ရာတချက်တို့ ရသွားခဲ့ပြီး ဆိုင်ကယ်မှာ ပျက်စီးခြင်းမရှိဘဲ ၄င်းတို့စီးလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိခဲ့တဲ့ ရဲခေါင်ထွန်းမှာ ဦးခေါင်းဝဲဘက်ဖူးရောင်ဒဏ်ရာ ၁ ချက်၊ ဝဲမျက်ရိုးပွန်း၊ ဝဲတံတောင်နဲ့ ဝဲဒူးခေါင်းတို့မှာ ပွန်းဒဏ်ရာ တချက်စီ အသီးသီးရရှိကာ သတိမေ့သွားခဲ့ပြီး ဆိုင်ကယ်မှာ အနည်းငယ် ပျက်စီးးသွားခဲ့ပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ဖြူးမြို့မရဲတပ်ဖွဲစခန်းမှ ဇင်ကျော်ထက်နဲ့ ရဲခေါင်ထွန်းတို့အား ယာဉ်(ပ)၉/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားခဲ့ပါတယ်။ မောင်ဇင်ကျော်ထက်မှာ စာစစ်ဌာန(အ.ထ.က-၁) ခုံအမှတ် (ပခ-၅၁၃)နဲ့ မောင်ဇွဲသိင်္ခမှာ စာစစ်ဌာန ဖြူး(အ.ထ.က-၁)တွင် ဖြေဆိုကြမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်း- ကျော်အောင် (ကညွတ်ကွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024