ပိုင်ရှင်မဲ့ ၆ ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းမိ
DVB
·
March 8, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်မှာ မတ်လ ၇ ရက်နေ့ မနက် ၃ နာရီအချိန်က ၆ ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။
မတ်လ ၇ ရက် မနက် ၃ နာရီအချိန် ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင် ဦးဆောင်တဲ့ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ရွှေဘို-မြစ်ကြီးနား ကားလမ်းမ မိုင်တိုင်အမှတ် ၉၂/၂ အနီး ကချင်ကုန်း လမ်းသွယ်မှာ ယာဉ်အမှတ် သ/၃၂၉ အပြာရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှာ တရားခံတွေ ထွက်ပြေးသွားပါတယ်။ ယာဉ်ပေါ်ပါ ပစ္စည်းတွေကို သက်သေတွေနဲ့အတူ စစ်ဆေးရာ စပါးခွံအိတ်တွေနဲ့ ဖုံးအုပ်ထားပြီး တရားမဝင်တင်ဆောင်လာတဲ့ ကျွန်းခွဲသား ဆိုဒ်စုံ ၂၄၇ ချောင်း (၂ ဒသမ ၀၃၁၄) တန် ကာလတန်ဖိုး ၆ သိန်းခန့် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တဲ့ ၆ ဘီးယာဉ်ကို ကောလင်းမြို့မရဲစခန်းက သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ယာဉ်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေတယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)