Home
မြန်မာသတင်း
လားရှိုး မန်ဆူကျောင်းတိုက်သို့ ကိုးကန့်စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော် ထွက်ပြေးရောက်ရှိ
DVB
·
March 8, 2017
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ထဲကို MNDAA လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီးနောက် ဒေသခံတွေဟာ တရုတ်နိုင်ငံထဲကိုရော မြန်မာပြည်တွင်းထဲကိုပါ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မန်ဆူကျောင်းတိုက်မှာ စစ်ဘေးရှောင်ပြည်သူပေါင်း ၅၀၀ ကျော် ရောက်ရှိနေပြီး အများစုဟာ မြန်မာပြည်နေရာအနှံ့ကနေ ကိုးကန့်ဒေသမှာ သွားရောက် အလုပ်လုပ်နေသူတွေလို့  မန်ဆူကျောင်းတိုက်ဆရာတော် ဦးပုညနန္ဒက ဒီဗွီဘီကို မိန့်ပါတယ်။ “လောက်ကိုင်မှာ တိုက်ပွဲဖြစ်ပြန်ပြီလေ။ အဲဒါကြောင့် ပြေးလာကြတာ။ တချို့က မတ်လ ၆ ရက်နေ့ ညကတည်းက ရောက်လာတယ်။ အခုလည်း တဖွဲဖွဲနဲ့ လာနေကြတုန်းပဲ။ ကားကြုံတွေနဲ့ လိုက်လာကြတာပေါ့၊ တချို့လည်း ဒီမနက်က ပြန်သွားပြီ။ ပြန်သွားတာ ၂၀၀ ကျော်။ အခု ကျောင်းတိုက်မှာ ၃၀၀ ကျော်ကျန်တယ်။ နေရာအစုံ လူမျိုးအစုံပဲ။ ကိုးကန့်မှာ အလုပ်သွားလုပ်တာ။ ကြံခုတ်တာတွေ၊ ပန်းရန်လုပ်တာတွေပေါ့။” ထွက်ပြေးလာတဲ့သူတွေဟာ သူတို့အလုပ်ရှင်တွေက တရုတ်ပြည်ဘက် ထွက်ပြေးသွားတဲ့အတွက် လုပ်အားခတွေလည်း မရခဲ့ကြဘူးလို့ အောင်လံမြို့ကနေ ကြံသွားခုတ်သူ ဦးအောင်က ဒီဗွီဘီကို ပြောပါတယ်။ “သေနတ်သံတွေ၊ ပစ်ခတ်သံတွေက ကျနော်တို့နဲ့ တအားနီးပြီး သေဆုံးတဲ့လူတွေပါ တွေ့ရတော့ မနေရဲလို့ ပြန်လာကြပါတယ်ခင်ဗျ။ ကျနော်တို့အဖွဲ့က ၅၀ လောက်ရှိတယ်။ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်က လူတွေလည်း ပါတယ်။ တောင်တွင်းကြီး နတ်မောက်က လူတွေလည်းပါတယ်။ တချို့အလုပ်ရှင်တွေက တရုတ်ပြည်ဘက် ပြေးသွားပြီ။ လုပ်အားခလည်း ရှင်းမပေးဘူး။ အဲဒါ ပိုက်ဆံရှိတဲ့လူနဲ့ မရှိတဲ့လူ မျှပြီးစီးလာကြတာ။ ကားခကလည်း ခါတိုင်း ၇ ထောင် ၈ ထောင်ပဲရှိတာ။ အခု ၂ သောင်းပေးပြီး စီးလာရတယ်။ ဒီလိုထွက်ပြေးရတာ ၂ ကြိမ်ရှိပြီ။ မနှစ်တနှစ်က တခါ၊ ဒီတခါတော့ ပိုဆိုးပါတယ်ဗျာ။” ဆင်ပေါင်ဝဲုမြို့နယ် ကျောင်းကုန်းရွာကနေ သွားရောက်အလုပ်လုပ်သူ အမျိုးသမီးတဦးကလည်း “ကျမတို့က သားအမိ ၃ ယောက်လုံး အလုပ်သွားလုပ်တာ၊ သွားတာ မကြာသေးဘူး၊ ၃ ရက်ပဲရှိသေးတယ်။ ဘာပိုက်ဆံမှလည်း မရသေးဘူး၊ စစ်ဖြစ်တော့ ကိုယ်လွတ်ပြေးလာကြတာ၊ ဘာအဝတ်အစား အသုံးအဆောင်မှ သိမ်းချိန်မရလိုက်ဘူး။ သမီးက သူ့အဝတ်အစားတွေ ပစ္စည်းတွေ နှမျောလို့ ငိုနေတယ်။ ကားခလည်းမရှိဘူး။ အဲဒါ အလကားတင်ပေးမယ့်ကားကို စောင့်ပြီး လိုက်စီးလာတာ၊ မဟုတ်ရင် လမ်းလျှောက်ပြန်ရမယ်” လို့ ပြောပါတယ်။ မကွေး၊ အောင်လံ၊ မင်းလှ၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲဒေသမှ လောက်ကိုင်ဒေသကို သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၁၀၀၀ ဝန်းကျင်ခန့်က လားရှိုးမြို့ မန်ဆူရှမ်းကြီးကျောင်းကို ထွက်ပြေးတိမ်းရှောင်လာပြီး တချို့မှာ နေရပ်သို့ ပြန်သွားကြပြီ ဖြစ်ပါတယ်။ ဒုက္ခသည်တွေကို လိုက်လံ ကူညီ ဆောင်ရွက်ပေးနေသူတဦးက “အခုချိန်ထိ စစ်ဘေးရှောင် ၇၀၀ ကျော်ရှိပြီ။ ကားက ငှားလို့မရတော့ သူတို့စုပြီး ငှားလာတယ်။ တချို့က ၃၀၀၀ ပေးရတယ်။ တချို့က ၅၀၀၀ ပေးရတယ်။ လူများတယ်ဆိုရင် ဈေးနည်းနည်းပဲ ပေးရတယ်လေ။ ခုအခက်အခဲကတော့ ပိုက်ဆံမရှိဘူး။ သူတို့သူဌေးက တိုက်ပွဲဖြစ်တော့ ထွက်ပြေးသွားတယ်။ သူတို့ လစာမရကြတော့ဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။ ပြန်လာတဲ့ အပြန်လမ်းမှာ ကားအခက်အခဲကြောင့် မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီး လာခဲ့ရကြောင်း၊ အဲဒီအထဲမှာ အမျိုးသမီးနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါတယ်လို့ ထွက်ပြေးလာတဲ့လူတွေက ပြောပါတယ်။ “လောက်ကိုင်မှာ ကြံခုတ်ဖို့သွားတာ ၁၅ ရက်လောက်ပဲ ရှိသေးတယ်။ စစ်ကလည်း မမျှော်လင့်ဘဲ ဖြစ်လာတော့ ပြေးလာရတယ်။ စစ်ပွဲဖြစ်တာတော့ မမြင်ရဘူး။ လက်နက်ကြီးပစ်သံတွေ လက်နက်သေးသံတွေ ကြားနေရတယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်ကတော့ ခုလို ဗြုန်းခနဲ လုပ်လိုက်တာတော့ ပြည်သူလူထုတွေလည်း ကြောက်ရတာပေါ့။ ဒုက္ခရောက်ရတယ်” လို့  မကွေးတိုင်း၊ အောင်လံမြို့နယ်နေ ကိုအောင်ထွန်းနိုင်က ပြောပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေကို လားရှိုးမြို့ မန်ဆူရှမ်းကျောင်းဆရာတော်က ဦးစီးပြီး ကူညီဆောင်ရွက်ပေးနေသလို ဒုက္ခသည်တွေကို လိုက်လံပို့ဆောင်ပေးဖို့ ကားသမားတွေကို တစီး ၁ သိန်းနှုန်းစီ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ “အစကတော့ တိုက်ပွဲဖြစ်နေတယ် မထင်ဘူး။ အစ်မက နားနည်းနည်းလေးနေတော့ မိုးချုန်းသံလို့ပဲ မှတ်နေတာ။ စစ်ဖြစ်တာလည်း မတွေ့ဖူးဘူးလေ။ ဒီကိုလည်း ခုတခါပဲ ရောက်ဖူးတယ်။ အရမ်းကြောက်လို့ ပြန်ထွက်ပြေးလာတာ” လို့ မကွေးတိုင်း၊ မင်းလှမှ အလုပ်သွားလုပ်ကိုင်နေသူ မတင်ဌေးရီက ပြောပါတယ်။ မနေ့ညက ၁၂ ဘီးကား ၈ စီးနဲ့ နေရပ်ပြန် စစ်ဘေးရှောင်ဒုက္ခသည် အယောက် ၄၀၀ ကို ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရပါတယ်။ စစ်ဘေးရှောင်လာသူတွေအတွက် နေထိုင် စားသောက်စရာတွေကို ဘုန်းကြီးကျောင်းတိုက်က ထောက်ပံ့ကျွေးမွေးနေပေမယ့် လောလောဆယ် အိမ်ပြန်ဖို့ လမ်းစရိတ်တွေ လိုအပ်နေပြီး ကားနဲ့ တင်ဆောင်ကူညီလိုသူတွေ၊ လမ်းစရိတ်ကူညီလိုသူတွေအနေနဲ့ မန်ဆူဆရာတော် ဖုံးနံပါတ် ၀၉၅၂၆၂၆၇၄ နဲ့ ကျောင်းတိုက် ဖုံးနံပါတ် ၀၈၂ ၂၃၅၅၉ ကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၆ ရက် မနက်က MNDAA လက်နက်ကိုင်အဖွဲ့က လောက်ကိုင်မြို့တွင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တာကြောင့် ယာဉ်ထိန်း ရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးပြီး ရဲစခန်း၊ ဟိုတယ်၊ လူနေအိမ်နဲ့ မော်တော်ကားတွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။ သတင်း- နန်းမြနဒီ၊ နိုင်နိုင် ဓာတ်ပုံ-နိုင်နိုင်၊ ဦးပုညနန္ဒ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024