Home
မြန်မာသတင်း
စက်မှုဝန်ကြီးဌာန လက်အောက်မှာရှိသည့် လုပ်ငန်း ၄၄ ခုကို လတ်တလော ရပ်ဆိုင်းထားမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
March 7, 2017
ပြည်သူ့ဘဏ္ဍာငွေ လေ့လွင့်ပြုန်းတီးမှုမရှိစေရန် စက်မှုဝန်ကြီးဌာန လက်အောက်ရှိတဲ့ လုပ်ငန်း ၄၄ ခုကို ရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ လုပ်ငန်းတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် အကျိုးစီးပွား ဖော်ဆော်ပေးနိုင်မှု၊ စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိတာတွေကြောင့် ရပ်ဆိုင်းထားသင့်တယ်လို့ တင်ပြခဲ့တာပါ။ အဲဒီလို တင်ပြခဲ့မှုကို မတ်လ ၆ ရက်နေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းပူးပေါင်းကော်မတီက အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်ကို အစီရင်ခံစာတင်သွင်းခဲ့တာပါ။ “ပထမဦးဆုံး တင်ပြရမှာတော့ လတ်တလော ရပ်ဆိုင်းထားသင့်တဲ့ လုပ်ငန်းစီမံကိန်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းစီမံကိန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးလိုက်မယ်ဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်မှု မရှိပါဘူး။ စီးပွားရေးအရ တွက်ခြေကိုက်မှုလည်း မရှိပါဘူး။ ဒါကြောင့်မို့လို့ ပြန်လည်သုံးသပ်ဖို့ရာအတွက် လတ်တလော ရပ်ဆိုင်းထားပြီးမှ စနစ်တကျ လေ့လာသုံးသပ်ပြီး အဲဒီသုံးသပ်တွေ့ရှိချက်တွေအပေါ်မှာ မူတည်ပြီး ဆက်လက်ပြီး လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်” လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။ လက်တလော ရပ်ဆိုင်ထားသင့်တဲ့ လုပ်ငန်းစီမံကိန်းတွေကတော့ စက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း လက်အောက်မှာရှိတဲ့ လုပ်ငန်း ၆ ခု၊ စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း လက်အောက်မှာရှိတဲ့ လုပ်ငန်း ၁၂ ခု၊ စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း လက်အောက်မှာရှိတဲ့ လုပ်ငန်း ၁၆ ခုနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်မှာရှိတဲ့ လုပ်ငန်း ၁၀ ခု တို့ကို တင်ပြခဲ့ပါတယ်။ ၂၀၁၄ - ၂၀၁၅ ခုနှစ်တုန်းက နိုင်ငံတော်ပိုင် စီးပွားရေးအားလုံးဟာ အပိုငွေကျပ် ဘီလီယံ ၅၀၀ ကျော် ရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပိုငွေမရှိတော့တဲ့အပြင် လိုငွေပါဖြစ်ပေါ်ခဲ့တဲ့အတွက် ရပ်ဆိုင်ဖို့ လိုအပ်တယ်လို့ တင်ပြခဲ့ခြင်းဖြစ်တယ်လို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌက အခုလို ပြောပါတယ်။ “နိုင်ငံတော်ကို အကျိုးပြုဖို့ ဖွဲ့စည်းထားတဲ့ စီးပွားရေးအဖွဲ့အစည်းတွေ၊ ဒါပေမယ့် သူတို့ဟာ နိုင်ငံတော်ကို အကျိုးမပြုဘဲနဲ့ နိုင်ငံတော်ရဲ့ လိုငွေကို ဆွဲချနေတဲ့ အနေအထားမျိုးတွေ ဖြစ်တဲ့အတွက် ကျနော်တို့က ပထမအဆင့်အနေနဲ့ ဒါတွေကို ရပ်ဆိုင်းမယ်။ ပြီးရင် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ လေ့လာသုံးသပ်မယ်။ သုံးသပ်ပြီးပြီဆိုရင် ကျနော်တို့ ဆက်ဆောင်ရွက်မယ်။ ဒါကတော့ သုံးသပ်တဲ့အခါမှာ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပညာရှင်တွေ ပါမယ်၊ လုပ်ကိုင်နေတဲ့လူတွေ ပါမယ်။ ဝိုင်းပြီး ဆွေးနွေးဆုံးဖြတ်လိမ့်မယ်။ လေ့လာသုံးသပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကတော့ တွေ့ရှိချက်တွေ တင်ပြခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ ရပ်ထားတဲ့ လတ်တလော ရပ်ဆိုင်းမယ်ဆိုတဲ့ စက်ရုံ ၄၄ ရုံနဲ့ပတ်သက်လာရင် ဒီအတိုင်းပါပဲ။ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ လေ့လာသုံးသပ်မယ်။ သုံးသပ်ချက်တွေအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းနိုင်အောင် ဆောင်ရွက်နိုင်ဖို့ပါ။ ရည်ရွယ်ချက်က ဒါလေးပါပဲ” လို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်း ပြည်ပ နည်းပညာနဲ့ အရင်းအနှီးတွေ ဖိတ်ခေါ်ပြီး နိုင်ငံတော်နဲ့ အကျိုးတူဆောင်ရွက်သင့်တဲ့ စက်ရုံ ၄ ရုံနဲ့  ပြည်ထောင်စုအစိုးရအဖွဲ့က ကြပ်မတ်ပြီး ဆက်လက်လုပ်ကိုင်သင့်တဲ့ လုပ်ငန်း စီမံကိန်း ၂ ခုကို လေ့လာတွေ့ရှိမှုကိုလည်း တင်ပြခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024