ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
DVB
·
December 29, 2011
ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားရောက်ခဲ့ပြီးနောက် ထိုင်းကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ဖို့ ပိုမို စိတ်ဝင်စားနေကြတယ်လို့ ထိုင်းကုန်သည်ကြီးများအသင်းက ပြောပါတယ်။
မြန်မာနိုင်ငံ သွားရောက်လုပ်ကိုင်လိုတဲ့ ထိုင်းကုမ္ပဏီအများစုကတော့ ငါးဖမ်းလုပ်ငန်း၊ အထည်ချုပ်နဲ့ ဆန်စပါး လုပ်ငန်းတွေ ဖြစ်တယ်လို့ ထိုင်းကုန်သည်ကြီးများအသင်းက နိုင်ငံတကာ စီးပွားရေး မြှင့်တင်ရေး အရာရှိ ဆူရာနရတ်က ပြောပါတယ်။
“မြန်မာက ကျနော်တို့နဲ့ အိမ်နီးနားချင်းပါ။ အရင်က ကျနော်တို့နဲ့ ပြဿနာတွေ အများကြီးဖြစ်ခဲ့ပေမယ့် ရွေးကောက်ပွဲ ကျင်းပပြီး ပွင့်လင်းလာတဲ့ အချိန်မှာတော့ ထိုင်းက ရင်းနှီးမြှုပ်နှံလိုသူတွေက မြန်မာဟာ သယံဇာတနဲ့ လူအရင်းအမြစ်တွေကြောင့် သွားရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတာ။”
ဒါပေမယ် မြန်မာနိုင်ငံရဲ့ အခွန်တင်းကျပ်တဲ့ ပုံစံသစ်တွေကိုလည်း ရှင်းရှင်းလင်းလင်း မသိသေးသလို နိုင်ငံတကာစံနှုန်းနဲ့ မကိုက်ညီတဲ့ လုပ်ထုံးလုပ်နည်းတချို့ကလည်း ရင်းနှီးမြှုပ်နှံမှုအတွက် စွန့်စားမှုတခုဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာငွေကြေးကတော့ အချိန်အတော်ကြာအောင် ပြဿနာရှိနေပါတယ်။ တကယ်လို့ ငွေကြေးနဲ့ ပတ်သက်ပြီး စနစ်သစ်တခု လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ထိုင်း-မြန်မာ ပို့ကုန် သွင်းကုန်အတွက် ကောင်းသွားမှာပါ၊ လုပ်ထုံးလုပ်နည်းတွေလည်း နိုင်ငံတကာစံနှုန်းနဲ့ မညီသေးပါဘူး။ တခြားအခက်အခဲကတော့ ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာပါ၊ မြန်မာပြည်က ရင်းနှီးမြှုပ်နှံသူနဲ့ ဆောင်ရွက်ရာမှာ ဘယ်လောက်ယုံကြည်ရသလဲ ဆိုတာကလည်း စွန့်စားမှုတခု ဖြစ်စေတယ်။“
ထိုင်းအစိုးရကလည်း မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီးမြုပ်နှံဖို့ စီးပွားရေး လုပ်ငန်းရှင်တွေကို တိုက်တွန်းလျက်ရှိပါတယ်။
လတ်တလော အီတလျှံ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီကြီးက မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာလည်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပါတယ်။ ဒါ့အပြင် ထိုင်းဘဏ်တွေဖြစ်တဲ့ Krung Thai Bank (KTB) ဘဏ်နဲ့ Siam Commercial Bank (SCB) ဘဏ်တွေကလည်း မြန်မာပြည်မှာ ဘဏ်ခွဲတွေ သွားရောက်ဖွင့်လှစ်ဖို့ ခြေလှမ်းပြင်နေပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၉ဘီလီယံခွဲကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။