၄၈ နာရီအတွင်း တိုင်းပြည်မှထွက်ခွာရန် မြောက်ကိုရီးယားသံအမတ်ကို မလေးရှားအစိုးရ အမိန့်ပေး

ဓာတ်ပုံ - အေအက်ဖ်ပီ
ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မလေးရှားအစိုးရအပေါ် ဝေဖန်တဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကို လက်မခံနိုင်တဲ့ သံတမန်အဖြစ် မလေးရှားအစိုးရက သတ်မှတ်လိုက်ပြီး တိုင်းပြည်ကနေ ၄၈ နာရီအတွင်း ထွက်ခွာဖို့ မတ်လ ၄ ရက်နေ့က အမိန့်ပေးလိုက်ပါတယ်။ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ကန်ချွယ်လ်ဟာ ကင်ဂျုံနမ် အသတ်ခံရမှုအပေါ် မလေးရှားရဲ့ ကိုင်တွယ်ဖြေရှင်းမှုကို အယုံအကြည် မရှိကြောင်းနဲ့ မလေးရှားအစိုးရအပေါ်မှာ နိုင်ငံတကာဖိအားတွေ ရှိနေကြောင်း ပြီးခဲ့တဲ့လက ဝေဖန်ခဲ့ပါတယ်။ သံတမန်နည်းအရ ကြည့်မယ်ဆိုရင် ဒီဝေဖန်မှုဟာ ရိုင်းစိုင်းတယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က ပြောပါတယ်။ ဒီ့အတွက် တရားဝင်တောင်းပန်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားသံအမတ်ကို တရားဝင် ကြေညာချက်ထုတ်ပြီး တောင်းဆိုခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က တုံ့ပြန်မှု မရှိပါဘူး။ ဒါကြောင့် မတ်လ ၄ ရက်နေ့မှာတော့ မြောက်ကိုရီးယားသံအမတ်ကို လက်မခံနိုင်တဲ့ ရိုင်းစိုင်းတဲ့ သံတမန်အဖြစ် မလေးရှားအစိုးရက တရားဝင်ကြေညာလိုက်ပြီး တိုင်းပြည်ကနေ ၄၈ နာရီအတွင်း ထွက်ခွာဖို့ အမိန့်ပေးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

More News
Up