ဆေးခြောက် တကိုယ်ရေသုံးစွဲမှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ရန် အစ္စရေး ဆုံးဖြတ်

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးနိုင်ငံမှာ ဆေးခြောက် တကိုယ်ရေသုံးစွဲမှုတွေကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ဖို့ အစ္စရေးအစိုးရက မတ်လ ၅ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ဆေးခြောက်သုံးစွဲတာ မိရင် ပထမပိုင်း ဒဏ်ပဲရိုက်မှာဖြစ်ပြီး အကြိမ်ကြိမ်မိရင်တော့ ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူဖို့ အစ္စရေးအစိုးရက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အစ္စရေးလွှတ်တော်ရဲ့ အတည်ပြုမှု ရယူရမှာပါ။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကတော့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက အစ္စရေးလူဦးရေရဲ့ ၉ ရာခိုင်နှုန်းနီးပါးဟာ ဆေးခြောက်သုံးစွဲကြတယ်လို့ ဖော်ပြပေမယ့် အစ္စရေး ကျွမ်းကျင်သူတွေကတော့ ဆေးခြောက်သုံးစွဲသူဦးရေ ဒီထက်မက မြင့်မားနိုင်တယ်လို့ ပြောပါတယ်။ လတ်တလော အမေရိကန်ပြည်နယ်တွေနဲ့ ဥရောပနိုင်ငံတချို့မှာ ဆေးခြောက် တကိုယ်ရေသုံးစွဲမှုကို အတိုင်းအတာတခုအထိ ခွင့်ပြုလာတာ၊ အစ္စရေးပြည်သူတွေရဲ့ ဆေးခြောက်သုံးစွဲမှုကို အနီးကပ်လေ့လာနေတဲ့ ကော်မတီတရပ်ရဲ့ ထောက်ခံမှုနဲ့ အစ္စရေးအစိုးရက အခုလို ဆုံးဖြတ်ခဲ့တာပါ။ "တဘက်မှာ အစ္စရေး လူမှုအဖွဲ့အစည်းရဲ့ အနာဂတ်ကို ဖွင့်ပေးရမှာဖြစ်သလို တဘက်မှာလည်း ခြိမ်းခြောက်မှုနဲ့ အန္တရာယ်တွေကိုလည်း နားလည်ပါတယ်။ ဒီ ၂ ခုကို အစိုးရအနေနဲ့ ထိန်းညှိသွားမှာပါ" လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up