ထီးချိုင့်နှင့် ပင်လည်ဘူးတို့တွင် သစ်နှင့် သစ်ခွဲသားများ ၁၈ တန်ကျော် ဖမ်းမိ
DVB
·
March 6, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်နဲ့ ပင်လည်ဘူး နှစ်မြို့နယ်မှာ မတ်လ ၄ ရက်နေ့က ကျွန်း၊ သစ်ရာ၊ အင်သစ်၊ ပျဉ်းကတိုးသစ်နဲ့ သစ်ခွဲသား ၁၈ တန်ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ခရိုင်သစ်တောဦးစီးဌာနမှ သိရပါတယ်။
ကသာခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ မတ်လ ၄ ရက်နေ့က ထီးချိုင့်မြို့နယ်၊ မြတောင်ဘိ ကက္ကူရွာအနီးမှာ ကျွန်းဗုံတို၊ သစ်ရာ၊ အင်သစ်နဲ့ ခွဲခြမ်း/ခွဲများ ၁၅ ဒသမ ၇၁၃၈ တန်၊ သစ်စက် ၁ လုံးတို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တာပါ။
အလားတူ မတ်လ ၄ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က ပင်လည်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးမြင့်ဆွေနဲ့ ရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့ဟာ ဝါးဘိုးချောင်းရွာ အနောက်တောင်ဘက် ၃ ဖာလုံခန့်မှာ ပျဉ်းကတိုးသစ် ၅ လုံး၊ ၂ ဒသမ ၇၆၂ တန်တို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သတင်း - ကိုကျော်(အင်းတော်)