တရုတ်တွင် လျော်ကြေးအတွက် အိမ်ထောင်ရှင်စုံတွဲ ၁၆၀ ကျော် ကွာရှင်း

ဓာတ်ပုံ - ဘီဘီစီ
တရုတ်နိုင်ငံအရှေ့ပိုင်း ရွာတရွာမှာ နေအိမ်တွေကနေ အတင်းအဓမ္မ ဖြိုဖျက် ရွှေ့ပြောင်းခံရပြီးနောက် အဲ့ဒီရွာက အိမ်ထောင်ရှင် စုံတွဲပေါင်း ၁၆၀ ကျော်တို့ဟာ လျော်ကြေး ပိုမိုရရှိဖို့အတွက် ကွာရှင်းခဲ့ကြတယ်လို့ ဘီဘီစီရဲ့ မတ်လ ၃ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ နည်းပညာအဆင့်မြင့် တိုးတက်ရေးနယ်မြေအဖြစ် ပြုလုပ်ဖို့ တရုတ်နိုင်ငံ ဂျန်စူးခရိုင်ရှိ ဂျန်ဘေရွာကို ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။ အကယ်၍ အိမ်ထောင်ရှင်စုံတွဲတွေအနေနဲ့ ကွာရှင်းပြီး လူလွတ်တဦးတည်းသမားတွေအနေနဲ့ လျော်ကြေးတောင်းမယ်ဆိုရင် ဒီအိမ်ထောင်ရှင်စုံတွဲတွေဟာ အိမ်အသစ် ၂ လုံးနဲ့ အပိုကြေးငွေ အနည်းဆုံး ဒေါ်လာ ၁၉,၀၀၀ (ပေါင် ၁၅,၅၀၀) စီ ရရှိနိုင်တယ်လို့ ဆိုပါတယ်။ တချို့တွေက အသက် ၈၀ ကျော်တွေဖြစ်ပြီး အများစုကတော့ သူတို့တွေ အတူတကွ ဆက်လက်နေထိုင်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ မျိုးရိုးစဉ်ဆက်အလိုက် ဒီဒေသမှာ နေထိုင်ခဲ့သူတွေအတွက် ရွေးချယ်စရာ အနည်းငယ်ပဲ ရှိပေမယ့် ဒေသအစိုးရကပေးတဲ့ အိမ်ရာအသစ်တွေကို ရွှေ့ပြောင်းကြမယ်လို့ သိရပါတယ်။ အိမ်ထောင်ရှင်စုံတွဲတွေကို ကွာရှင်းရန် ဆောင်ရွက်ပေးဖို့ ဥပဒေအကျိုးဆောင်ကုမ္ပဏီတွေက ဒေါ်လာ ၂၀၀၀ (ပေါင် ၁၆၀၀) ကျော် အခကြေးငွေယူတယ်လို့ ချိုင်းနားဒေးလီး သတင်းအရ သိရပါတယ်။ “အားလုံးက ဒီလိုပဲ လုပ်နေကြတာလေ၊ တခြားကိစ္စတွေကို နောက်မှ အဆင်ပြေအောင်လုပ်မယ်” လို့ ရွာသားတဦးက နန်ကျင်းမောနင်းပို့စ်သတင်းကို ပြောခဲ့ပါတယ်။ ဒီအပိုလျော်ကြေးငွေကို အိမ်ထောင်ရှင်စုံတွဲတွေ တကယ် ရ မရ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အာဏာပိုင်တွေကလည်း လျော်ကြေးငွေ စီစဉ်ထားမှုက အပြောင်းအလဲရှိမယ် မရှိဘူးဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up