သမိုင်းဝင်ရွှေမုဋ္ဌောစေတီ ဗုဒ္ဓပူဇနိယပွဲ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ
DVB
·
March 5, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ရဲ့ သမိုင်းဝင် စေတီတဆူဖြစ်တဲ့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကြီးကို မတ်လ ၁ ရက် ကနေ ၄ ရက်အထိ ကျင်းပခဲ့ပါတယ်။
အဲဒီပွဲမှာ အမျိုးသား၊ အမျိုးသမီး လှေလှော် အသင်း ၂၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြန် အလှ ပြိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် အသင်းတွေအနေနဲ့ ကလေးဝ၊ မင်းကင်း၊ မြစ်ရိုးတလျောက်ကျေးရွာတွေက အသင်းတွေ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး အသင်းတွေကို ဆုကြေးအနေနဲ့ အမျိုးသားလှေလှော် ပထမဆု ကျပ်ဆယ်သိန်း၊ ဒုတိယ ၇ သိန်း၊ တတိယ ၅ သိန်းနဲ့ အမျိုးသမီးလှေလှော်ဆုကိုတော့ ပထမ ဒုတိယ တတိယ ကျပ် ၅ သိန်း ၃ သိန်း ၂ သိန်း အသီးသီး ချီးမြှင့်ခဲ့ပါတယ်။
ပြိုင်ပွဲမှာ အမျိုးသား လှေလှော် ပထမဆုကို ဇီးထောင့်ရွာကိုယ်စားပြု ပေါ့ပါး အသင်းက ရရှိခဲ့ပြီး အမျိုးသမီးလှေလှော် ပထမဆုကို ကိုင်းရွာကိုယ်စားပြု ဒုံးကျည်မ အသင်းက ဆွတ်ခူးရရှိခဲ့ပြီး ဆုတွေကို မတ်လ ၄ ရက်နေ့မှာပဲ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
သတင်း-မင်းရဲစစ်နိုင်၊ ဓာတ်ပုံ-ကံကောင်း