ကမ္ဘာတလွှား ထိတ်လန့်စရာအကောင်းဆုံး လေယာဉ်ပျက်ကျမှုများ(ရုပ်သံ)

သယ်ယူပို့ဆောင်ရေးမှာ လေကြောင်းခရီးစဉ်နဲ့ လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါ လှပါတယ်။ ဒါပေမယ့် အကြောင်းမလှစွာပဲ မတော်တဆပျက်ကျမှုတွေဟာလည်း သတိမူစရာပါပဲ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကမ္ဘာတလွှားက ထိတ်လန့်စရာအကောင်းဆုံး လေ ယာဉ်မတော်တဆ ပျက်ကျမှုတွေကို စုစည်းတင်ပြထားတာပါ။ ပထမလေယာဉ်ပျက်ကျမှုကတော့ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က အလက်စ ကားပြည်နယ်၊ ဟုဒ်ရေကန်ပေါ်မှာ ဖြစ်ခဲ့တဲ့ လေယာဉ်မတော်တဆ ပျက်ကျမှုပါ။ အဆိုပါရေကန်က လေကြောင်းလေ့ကျင့်မှုလုပ်ဖို့ ဖန်တီးထားတာဖြစ်ပြီး ရေပြင်ပေါ် ရှပ်တိုက်ပြေးပြီး သရုပ်ပြအပြီးမှာ လေကြောင်းပြောင်းပြီး ပျက်ကျခဲ့တာကို ထိတ်လန့်ဖွယ် တွေ့မြင်ရမှာပါ။ ဒုတိယတခုကတော့ ဂျော်ဂျီယာပြည်နယ်၊ ပိခ်ျထရီးလေဆိပ်တွင်းမှာ မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လေကြောင်းသရုပ်ပြမှုအတွင်းမှာ ပျက်ကျခဲ့တာကို မှတ်တမ်းတင်ထားခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လေယာဉ် ၂ စီးဟာ အပြိုင်ပျံသန်းကာ ကောင်းကင်ပေါ်မှာ ၀ဲလိုက် မြေပြင်ဆီ ထိုးဆင်းလာလိုက်နဲ့ အလှပြသရုပ်ဖော်မှုတွေနဲ့ စိတ်လှုပ်ရှားစရာ ကောင်းအောင် မောင်းနှင်ပြသခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် တကြိမ်မှာတော့ အဆိုပါလေယာဉ် ၂ စီးထဲက တစီးဟာ မြေပြင်ဆီ ရှပ်တိုက်ပျံဝဲသရုပ်ပြချိန်မှာ ထိတ်လန့်ဖွယ် ထိုးကျခဲ့တာပါ။ တတိယလေယာဉ်ပျက်ကြမှုကတော့ ၂၀၁၁ ခုနှစ်၊ အမေရိကန်နိုင်ငံ မစ်စူရီပြည်နယ် ကန်းဆက်မြို့လေယာဉ်ကွင်းမှာ လေယာဉ်အလှပြ ပျံသန်းစဉ် လေယာဉ်တစ်စီး ပျက်ကျခဲ့ပါသေးတယ်။ လေယာဉ်က အမြင့်ပေါ် တန်းတန်းမတ်မတ် အလှပြ ပျံသန်းနေတာပါ။ အဲ့ဒီနောက် ရုတ်တရက် ထိုးဆင်းလာပြီး မြေပြင်ပေါ်ကို ပြုတ်ကျကာ မီးစွဲလောင်ခဲ့တာပါ။ စတုတ္ထလေယာဉ်ပျက်ကျမှုက အမေရိကန်နိုင်ငံ မစ်စူရီပြည်နယ် ကန်းဆက်မြို့မှာပဲ လေယာဉ်မှူး ဘရိုင်ယန်ဂျန်ဆန်က လေကြောင်းအလှပြ ပျံသန်းစဉ် အန္တရာယ်ရှိတဲ့ စတန့်ပြခဲ့လို့ လေယာဉ်ပျက်ကျခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ကန်းဆက်မြို့ လေကြောင်းအလှပြပျံသန်းတဲ့ ပထမနေ့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်၊ ၁ နာရီ ၄၅ မိနစ်အချိန်မှာ ကြည့်ရှုသူထောင်ပေါင်းများစွာရဲ့ရှေ့မှာ ပျက်ကြခဲ့တာလို့ သိရပါတယ်။ ပဉ္စမလေယာဉ်ပျက်ကျမှုကတော့ ရုရှားနိုင်ငံ ခရီးသည်တင်လေယာဉ်တစ်စီး ၂၀၁၂ ခုနှစ်မှာ ရုတ်တရက်မီးစွဲလောင်ပြီး ပျက်ကျခဲ့တာပါ။ ဒီလေယာဉ်ပျက်ကျမှုကနေ အနည်းဆုံး လူ ၄ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ လူ ၈ ဦး စီးနင်းလိုက်ပါလာတဲ့ ရှရှခရီးသည်တင်လေယာဉ်ဟာ ချက်ရီပါဘလစ်နိုင်ငံကနေ ရုရှနိုင်ငံ မော်စကိုမြို့ဗနူကိုဗိုလေဆိပ်ကို ဆင်းသက်စဉ် မီးစွဲလောင်ပြီး ပျက်ကျခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆဌမ လေယာဉ်ပျက်ကြမှုကတော့ ၂၀၁၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ် အနောက်ဘက်ရှိ ဒေတန်မြို့တွင် လေကြောင်းအလှပြပျံသန်းစဉ် ပျက်ကျခဲ့တာပါ။ လေယာဉ်စွန့်စားပျံသန်းမှု ပြုလုပ်စဉ် လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မြေပြင်ပေါ် ပျက်ကျခြင်း မီးစွဲလောင်ပေါက်ကွဲခဲ့ပါတယ်။ မြေပြင်ပေါ်က ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရပေမယ့် လေယာဉ်မှူးနဲ့ အတူ လေယာဉ်ပျံသန်းစဉ် အတောင်ပံတွေပေါ်မှာ စွန့်စားလှုပ်ရှားမှုတွေ ပြုလုပ်မယ့် အမျိုးသမီး စတန့်သမားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သတ္တမအကြိမ်ဖြစ်တဲ့ နောက်လေယာဉ်တစ်စီးကတော့ ၂၀၁၃ ခုနှစ် ဧပြီလတွင် အာဖဂန်နစ္စတန်နိုင်ငံ ဘာဂရမ်လေတပ်စခန်းမှ လေယာဉ် စတင်ထွက်ခွါပျံသန်းစဉ် လေယာဉ် ရုတ်တရက် ထောင်တက်သွားပြီး ပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါစီးနင်းသူ ၇ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အဌမအကြိမ်နောက်တစ်စီးကတော့ ၂၀၁၃ ခုနှစ်မှာ လေကြောင်းအလှပြပျံသန်းစဉ် မက်ဒရစ်မြို့ရဲ့အပြင်ဘက်မှာ စတန့်ပျံသန်းခဲ့တဲ့ လေယာဉ်ဟာ အဆောက်အဦတွေကို တိုက်မိပြီး ပျက်ကျခဲ့တာပါ။ လေယာဉ်မှူး ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံမှာ သေဆုံးတယ်လို့ သိရပါတယ်။ နဝမလေယာဉ်ပျက်ကျမှုကတော့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ အင်္ဂလန်နိုင်ငံ အနောက် ဆက်စက်စ်မြို့မှာ ကျင်းပတဲ့ ရှိုးဟမ်လေကြောင်းအလှပြ ပျံသန်းစဉ်အတွင်း ဟော်ကာဟန်တာလေယာဉ်က မင်္ဂလာဆောင်ကားတစ်စီးကို တိုက်မိပျက်ကျခဲ့တာဖြစ်ပြီး လူ ၁၁ ဦး သေဆုံးတယ်၊ လေယာဉ်မှူးကတော့ အသက်ရှင်တယ်လို့ သိရပါတယ်။ ၁၀ ကြိမ်မြောက် လေယာဉ်ပျက်ကျမှုကတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ဘရာဇီးလ် ဘောလုံးသမားတွေကို စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ဟာ ပျံသန်းစဉ် ကားလမ်းမပေါ် ပျက်ကျခဲ့ပြီး လေယာဉ်မြေပြင်ပေါ်ရောက်စဉ် တစ်စီးလုံး မီးလောင်ပေါက်ကွဲခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up