မြောက်ကိုရီးယားသံအမတ်ကို မလေးရှားနိုင်ငံက နှင်ထုတ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့အစ်ကို အသတ်ခံရမှု၊ စုံစမ်းစစ်ဆေးမှုကို ပြစ်တင်ဝေဖန်ခဲ့တဲ့ မြောက်ကိုရီးယားသံအမတ်ကို မလေးရှားနိုင်ငံက မတ် ၄ ရက်နေ့က နှင်ထုတ်လိုက်ပါတယ်။ သံအမတ် ခန်းချိုင်က ကင်ဂျုံနမ်ရဲ့အမှုအပေါ် မလေးရှားအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ မယုံကြည်ရဘူးလို့ပြောဆိုခဲ့တာပါ။ အဲဒီလိုပြောဆိုခဲ့မှုကို ပြန်တောင်းပန်ဖို့နွှဲ မတောင်းပန်ရင် ၄၈ နာရီအတွင်း မလေးရှားနိုင်ငံက ထွက်ခွာဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး သံအမတ်က တောင်းပန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ကင်ဂျုံနမ်ဟာ လွန်ခဲ့တဲ့ ၃ ပတ်က ကွာလာလမ်ပူလေဆိပ်မှာ အမျိုးသမီး ၂ ဦးရဲ့ အဆိပ်ပေးသတ်ဖြတ်ခံခဲ့ရပြီး နောက်ကွယ်မှာ မြောက်ကိုရီးယားနိုင်ငံပါဝင်ပတ်သတ်တယ်လို့ မလေးရှားနိုင်ငံက တိုက်ရိုက်စွပ်စွဲမှုတော့ မရှိပါဘူး။ ကင်ဂျုံနမ်ရဲ့ မျက်နှာကို အဆိပ်နဲ့အုပ်ပြီး သတ်ဖြတ်ခဲ့မှုမှာ မြောက်ကိုရီးယားအစိုးရရဲ့လုပ်ရပ်လို့ အတော်များများက ထင်ကြေးပေးနေကြတာပါ။ “သံအမတ် ခန်းဟာ သူ့ရဲ့ပြောဆိုခဲ့မှုကို ပြန်ပြီးတောင်းပန်ခဲ့ခြင်းမရှိဘူး၊ မလေးရှားနိုင်ငံကို စော်ကားတာပဲဖြစ်ဖြစ်၊ မလေးရှားနိုင်ငံရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းအောင်လုပ်တာပဲဖြစ်ဖြစ် မလေးရှားနိုင်ငံက အပြင်းအထန်တုံ့ပြန်သွားမယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မလေးရှားအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လာတောင်းပန်ဖို့ မနေ့ တောင်းဆိုခဲ့ပေမယ့် သံအမတ် ခန်းဟာ လာရောက်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

More News
Up