ဂျပန်နိုင်ငံက ထူးဆန်းတဲ့ ဇီးကွက်ကော်ဖီဆိုင် (ရုပ်သံ)

ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ချစ်စရာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ စားသောက်ဆိုင်တွေ အောင်မြင်မှုနဲ့အတူ ဇီးကွက်ကဖေးဆိုင်တွေ ပေါ်လာပြီး Owl Village ဆိုတဲ့ ဇီးကွက်ကဖေးဆိုင်မှာတော့ စားသုံးသူတွေက ဇီးကွက်တွေရဲ့ ငှက်မွှေးတွေကို ပွတ်သပ်ကိုင်တွယ်နေကြပါတယ်။ ဒီကဖေးဆိုင်လေးမှာ ပျံမပြေးနိုင်အောင် ခြေထောက်တွေကို ကြိုးနဲ့ချည်ထားတဲ့ ဇီးကွက်တွေနဲ့အတူ အရွယ်ရောက်ပြီးသားသူတွေက ဓာတ်ပုံတွေ ရိုက်နိုင်တယ်၊ ကလေးတွေကတော့ ဇီးကွက်တွေကို တို့ထိယုယ ဆော့ကစားနိုင်တဲ့ ဇီးကွက် ၈ ကောင်ရှိပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ပျော်ရွှင်စွာ ဆူညံသံတွေနဲ့ နေ့အများစုမှာ ဆိုင်ကလူပြည့်ပြီး လူတွေအများကြီး တန်းစီစောင့်နေရတာရဲ့ နောက်ကွယ်မှာ ဇီးကွက်တွေ ဂရုမစိုက်နိုင်ပဲ ဒီလိုဖြစ်မှုကနေ ဇီးကွက်လေးတွေအတွက် အန္တရာယ်ရှိတယ်လို့ တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောတယ်လို့ သိရပါတယ်။ Owl Village ရဲ့ ကိုယ်စားလှယ်ဖြစ်သူ အေရာမက်စုဒါက သူတို့အနေနဲ့ ဒီကိစ္စကို သတိထားပြီး သူတို့ရဲ့ကဖေးဆိုင်ထဲက ဇီးကွက်လေးတွေ တတ်နိုင်သမျှ စိတ်ဖိစီးမှု ကင်းလွတ်အောင် သူတို့အနေနဲ့ ကြိုးစားလုပ်ဆောင်ပါတယ်လို့ ပြောပါတယ်။ “အချို့ဇီးကွက်ကဖေးဆိုင်တွေက လုံလောက်တဲ့ ဝန်ထမ်းမရှိဘူး၊ ဒါကြောင့် စားသုံးသူတွေက ဇီးကွက်တွေကို စိတ်ကြိုက် ကိုင်တွယ်ကြတယ်။ ဒါပေမယ့် ကျမတို့ဆိုင်မှာတော့ စားသုံးသူတွေက ဇီးကွက်တွေရဲ့အခန်းထဲကို ကျမတို့ဆီက ဝန်ထမ်းတွေနဲ့ပဲ ဝင်လို့ရတယ်၊ အဲ့ဒီဝန်ထမ်းတွေက ဇီးကွက်တွေကို ဘယ်လို ကိုင်တွယ်ရမယ်၊ အကယ်၍ သူတို့ပင်ပန်းပုံပေါက်နေရင် အနားပေးရမယ် ဆိုတာတွေကို ရှင်းပြတယ်” လို့ အေရာမက်စုဒါက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ တိုကျိုမြို့ရဲ့ ဟာရာဂျူကူ ဖြေဖျော်ရေးနေရာက ကဖေးဆိုင်တွေကို သွားရောက်ခဲ့တဲ့ စားသုံးသူအချို့က ငှက်တွေရဲ့ ကျန်းမာပျော်ရွှင် နေထိုင်ရေးအတွက် စိုးရိမ်နေကြတာပါ။ “ဇီးကွက်တွေရဲ့ သဘာဝအရ ဒီအချိန်မှာ သူတို့က မထဘူးလေ၊ သူတို့က လုံးဝကို ညသတ္တဝါတွေပါ။ ပြီးတော့ သူတို့က လူတွေနဲ့ အတူနေဖို့လည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီနေရာမှာတော့ သူတို့ကို လေ့ကျင့်ပေးထားပြီး လူတွေကလည်း ဆိုးဆိုးရွားရွား မဆက်ဆံဘူး၊ အနည်းဆုံးတော့ ကျနော်တို့ မြင်နေရသလိုပေါ” လို့ မက္ကဆီကိုနိုင်ငံက လာတဲ့ ခရီးသွားဧည်သည်တစ်ဦးက ပြောပါတယ်။ အချို့ခရီးသွားဧည့်သည်တွေကလည်း တိရစ္ဆာန်တွေကို ကိုင်တွယ်ရာမှာ ပိုပြီး ဂရုစိုက်သင့်တယ်လို့ ထင်မြင်ကြောင်း ပြောပါတယ်။ ဇီးကွက်တွေရဲ့ သဘာဝအိပ်ချိန် စက်ဝန်းကို ပြောင်းပစ်တာ၊ သူတို့ရဲ့ခြေထောက်တွေကို ကော်ဖီဆိုင်တော်တော်များများမှာ ချည်နှောင်ထားတာက တိရစ္ဆာန်အခွင့်အရေးကို ချိုးဖောက်နေတာ သူတို့ကို ညှဉ်းပမ်းနှိပ်စက်နေတာလို့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူ တစ်ဦးဖြစ်တဲ့ ချီဟီရိုအိုကာဒါက ပြောပါတယ်။ “တိရစ္ဆာန်တွေကို ရိုက်နှက်နေတာမှ သူတို့ရဲ့အခွင့်အရေးကို ချိုးဖောက်နေတာ မဟုတ်ပါဘူး၊ သူတို့တွေကို နေရာကျဉ်းကျဉ်းလေးမှာ အကန့်အသတ်နဲ့ထားတာကလည်း သူတို့ကို ညှဉ်းပန်းနှိပ်စက်နေတာပါပဲ” လို့ အိုကာဒါက ပြောပါတယ်။ “ဇီးကွက်ကဖေးတစ်ခုမှာ တစ်နှစ်အတွင်း ဇီးကွက် ၇ ကောင် သေဆုံးသွားတယ်ကြားတော့ ကျနော်တို့ တော်တော် ထိတ်လန့်မိတယ်” လို့ ကဖေးရဲ့အမည်ကို မဖော်ပြပဲ အိုကာဒါက ပြောသွားပါတယ်။ ဂျပန်နိုင်ငံဟာ ကြောင်တွေ၊ သိမ်းငှက်တွေ ဆိတ်တွေ အပါအဝင် တိရစ္ဆာန် ကဖေးတွေများစွာရှိပြီး ဒီကဖေးတွေက ခရီးသည်ဧည့်သည်တွေကိုလည်း စွဲဆောင်ထားတယ်လို့ သိရပါတယ်။ အလားတူစွာ ဇီးကွက်ကဖေးတွေလည်း ခေတ်စားနေပြီး တိုကျိုမြို့ရဲ့ ဖြေဖျော်ရေးဒေသဖြစ်တဲ့ ဟာရာဂျုကူဒေသမှာ ဇီးကွက်ကဖေး ၅ ဆိုင်ကျော် သီးခြားစီဖွင့်ထားတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ ဇီးကွက်တွေက ကံကောင်းခြင်း သင်္ကေတဖြစ်လို့ ဂျပန်ယဉ်ကျေးမှုအရ ဇီးကွက်တွေဟာ သီးခြားအရေးပါတဲ့ တိရစ္ဆာန်ဖြစ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up