မင်္ဂလာတောင်ညွန့်မြို့နယ် မီးလောင်၊ သေဆုံး ဒဏ်ရာရသူ များပြား
ပီတာအောင်
·
December 29, 2011
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းမှာ ဒီကနေ့ အစောပိုင်းက အကြီးစား မီးလောင်ပေါက်ကွဲ့မှုတွေ ဖြစ်ပွားခဲ့တာကြောင့် သေဆုံးဒဏ်ရာရသူ အများအပြား ရှိတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
မီးဟာ တနာရီ ၄၅ မိနစ်လောက်မှာ ဂိုဒေါင်တလုံးကနေ စတင်လောင်ကျွမ်းတာ ဖြစ်ပြီး နံနက် ၄ နာရီ ကျော်ကျော်လောက်မှာ မီးငြိမ်းသွားတဲ့အကြောင်း မီးကျွင်းမီးကျန်တွေကို ဆက်လက် ငြိမ်းသတ်နေဆဲပဲလို့စည်ပင် မီးသတ်ဌာနက ပြောပါတယ်။
“ငြိမ်းသွားပါပြီခင်ဗျာ။ မီးကျွင်းမီးကျန်တွေပဲ ငြိမ်းနေတာပဲ ရှိပါတယ်။ ၁ နာရီ ၄၅ ကနေစပြီး လောင်တာ ၄ နာရီ ၃၅ မှာ မီးထိန်းနိုင်ပြီး အဲဒီနောက်ပိုင်းကို မီးကျွင်းမီးကျန်တွေကို ငြိမ်းနေတာ။ လူတွေတော့ ဒဏ်ရာရတာပေါ့။ အများဆုံးတော့ အရန်မီးသတ်တွေပေါ့။ မီးတော်တော်ကြီးပါတယ်။ ကျနော်တို့ဆီ သတင်းဝင်လာတာ ပရဆေးဂိုဒေါင်က စလောင်တာလို့ ပြောပါတယ်။”
မီးလောင်မှုမှာ သေဆုံးသူ အတိအကျ မသိရသေးတဲ့အကြောင်းနဲ့ ဂိုဒေါင်တွေ ပေါက်ကွဲတာကြောင့် မီးသွားငြိမ်းသတ်တဲ့ မီးသတ်တွေတပ်ဖွဲ့ဝင်တွေ အပါအဝင် လူအများအပြား သေဆုံး ဒဏ်ရာရမှုရှိတယ်လို့ပြောပါတယ်။
ဂိုဒေါင်တွေ အနီးနားက လူနေအိမ်အချို့လည်း မီးလောင်သွားပြီး ပေါက်ကွဲသံတွေ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်ကလာတဲ့ အေပီသတင်းတပုဒ်မှာတော ၁၆ ဦး သေဆုံးတယ်လို့ဖော်ပြပြီး ရိုက်တာသတင်း တပုဒ်မှာတော့ ၁၇ ဦးသေဆုံးကာ ၈၀ ကျော် ဒဏ်ရာ ရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောတဲ့အကြောင်း ဖော်ပြပါတယ်။
သေဆုံးဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ရန်ကုန်ဆေးရုံကြီး ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း မရှိပါဘူး။