မင်္ဂလာဒုံဂေါက်ကွင်းတွင် ကျင်းပမည့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကို ဒီကနေ့ ညနေ ၇ နာရီကစပြီး မင်္ဂလာဒုံ ဥယျာဉ်မြို့တော် ဂေါက်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဝိတ်တန်းအလိုက် စုစုပေါင်း တွဲဆိုင်း ၁၀ ဆိုင်း ပါဝင်ပြီး မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းက အင်္ဂလန်နိုင်ငံသား နီကိုလစ်ကာတာနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ တခြား နိုင်ငံတကာ တွဲဆိုင်းတွေမှာ တူးတူးက သြစတြေးလျနိုင်ငံသား အီဒီဖာရန်လ်နဲ့ ထိုးသတ်မှာဖြစ်ပြီး ဖိုးသော်က မလေးရှားနိုင်ငံသား ဂျန်ကိုင်ချီ၊ ကျားပေါက်က ကမ္ဘောဒီးယားနိုင်ငံသား ပတ်ခ်ချန်ဆင်တို့နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။ ပြည်တွင်းပွဲစဉ်တွေမှာ သွေးသစ်ဝင်းလှိုင်နဲ့ စောဘဦး၊ စိန်မျိုးအောင်နဲ့ ရဲမာန်ဟိန်း၊ ရန်နိုင်ထွန်းနဲ့ ဇွဲရွှေကို၊ ထွန်းထွန်းနိုင်နဲ့ ပိုက်ထွေး၊ ရွှေဖားစည်နဲ့ သက်ပိုင်အောင်၊ ရဲသွေးနဲ့ စောမင်းနိုင်တို့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ ပွဲစဉ်အားလုံးကို အမှတ်စနစ်နဲ့ အနိုင်အရှုံး ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။ လက်မှတ်စုစုပေါင်း ၆၀၀၀ မှာ ၃၀၀၀ ကို ကျောင်းသားလူငယ်တွေနဲ့ အသက် ၄၅ နှစ်အထက် သက်ကြီးရွယ်အိုတွေအတွက် အခမဲ့ သတ်မှတ်ထားပါတယ်။ တခြားပရိသတ်တွေအတွက် လက်မှတ်ဈေးနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချထားပြီး လက်မှတ်တစောင်ကို ကျပ် ၁ သိန်းခွဲ၊ ၁ သိန်း၊ ၅ သောင်း၊ ၂ သောင်းခွဲ၊ ၁ သောင်းနဲ့ ၅ ထောင်ကျပ် အသီးသီး သတ်မှတ်ထားပါတယ်။ လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေအတွက် ဘတ်စ်ကားတွေလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ The Great Beginning လို့ အမည်ပေးထားတဲ့ ဒီလက်ဝှေ့ပြိုင်ပွဲကို စကိုင်းနက် Sports-3 ချန်နယ်ကနေလည်း တိုက်ရိုက်ပြသသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up