Live
Home
မြန်မာသတင်း
အင်းတော်မြို့မဈေး၌ တရုတ်အေးခဲကြက်သားများ မီးရှို့ဖျက်ဆီး
DVB
·
March 3, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့မဈေးမှာ ဒီနေ့က သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က စစ်ဆေးရာ စားသုံးဖိုမသင့်တဲ့ တရုတ်နိုင်ငံကနေ ဝင်ရောက်လာတဲ့ အေးခဲကြက်သားတွေ တွေ့ရှိလို့ စည်ပင်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အင်းတော်မြို့နယ်ထွေအုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာ၊ တိမွေးကု၊ ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ၀င်ရောက်စစ်ဆေးခဲ့တာလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အင်းတော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်နိုင်ဦးက ပြောပါတယ်။ “တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ H7N9 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရတဲ့ အေးခဲကြက်သားနဲ့ ကြက်ဥတွေ ဝင်ရောက်မှု မရှိစေရေး၊ ရက်လွန်အစားအစာတွေ၊ မုန့်မျိုးစုံတွေ၊ ဆေးဝါးတွေကို အဖွဲ့စုံ ပူးပေါင်းပြီး ဒုတိယအကြိမ် စစ်ဆေးခဲ့တာ” လို့ ပြောပါတယ်။ အင်းတော်မြို့နယ် တိမွေးကုဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းသူက “တရုတ်ပြည်မှာ H7N9 ပေါ့။ ၂၀၁၃ ကနေ စဖြစ်တယ်။ အခု ၂၀၁၇ အထိ ဖြစ်နေတယ်။ များသောအားဖြင့် ဇန်နဝါရီကနေ ဧပြီအထိ အဖြစ်များတာပေါ့။ ကျနော်တို့ မြို့နယ်က ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတာဆိုတော့ အဲဒီဘက်က ပစ္စည်းတွေလည်း ရောက်လာနိုင်တယ်လေ။ ဒါကြောင့် ဈေးထဲမှာ စစ်ဆေးရတာပါ။ နဘားမှာတော့ တရုတ်နိုင်ငံဘက်က လာတဲ့ ကြက်ဥတွေ တွေ့ရပါတယ်” လို့ ပြောပါတယ်။ အင်းတော်မြို့မဈေးအတွင်း ကြက်သားနဲ့ ကြက်ဥ ရောင်းချနေတဲ့ ဈေးသည်တွေကို တရုတ်နိုင်ငံမှ ဝင်ရောက်လာတဲ့ အေးခဲကြက်သားနဲ့ ကြက်ဥများ မရောင်းချရန်၊ ရက်လွန်မှိုတက် ဆိုးဆေး အလွန်အကျွံ သုံးစွဲထားတဲ့ စားသောက်ကုန်တွေ မရောင်းရန် သတိပေးတားမြစ်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024