ဖွံ့ဖြိုးရေးစီမံကိန်း ၆ ခုအတွက် ဂျပန်ယန်းငွေ ၁၂၅ ဘီလီယံကျော် ချေးငွေယူ
DVB
·
March 3, 2017
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံကိန်း ၆ ခုအတွက် ဂျပန်နိုင်ငံအစိုးရဆီက တရားဝင်ဖွံ့ဖြိုးမှုချေးငွေ စုစုပေါင်း ဂျပန်ယန်း ၁၂၅ ဘီလီယံ ရယူဖို့ နှစ်နိုင်ငံအစိုးရ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီချေးငွေစာချုပ်တွေ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတော့ မတ် ၁ ရက်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တာပါ။
ချေးငွေရယူဖို့ ချေးငွေစာချုပ်တွေကို ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ဒီချေးငွေတွေအတွက် အတိုးနှုန်း ၁ နှစ်ကို ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၀ နှစ်နဲ့ ပြန်ဆပ်ကာလ နှစ် ၃၀၊ စုစုပေါင်းချေးငွေသက်တမ်း နှစ် ၄၀ ဖြစ်ပါတယ်။