အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေး မြန်မာနှင့် အင်ဒိုနီးရှား ဆွေးနွေး
DVB
·
December 28, 2011
မြန်မာနိုင်ငံမှာ တရက်ကြာ အလည်အပတ်ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ဟာ ဒီနေ့မနက်က မြန်မာ့နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့ ရန်ကုန်မှာ တွေ့ဆုံပြီး ၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မြန်မာတာဝန်ယူရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
[caption id="attachment_19250" align="alignright" width="300" caption="မာတီ နာတာလီဂါဝါ "][/caption]
ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ၂၀၀၇ ခုနှစ် ဂျာကာတာမှာလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို တက်ရောက်ဖို့ ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အင်ဒိုနီးရှားသံရုံးက အတွင်းဝန်တဦးဖြစ်သူ Djumara Supriyadi က ပြောပါတယ်။
“မြန်မာအစိုးရနဲ့ ကိစ္စတွေ တော်တော်များများ ဆွေးနွေးခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီအဖြစ် ပြောင်းလဲပြီးတော့ ကောင်းမွန်တဲ့ လူ့အခွင့်အရေးတွေရှိဖို့ အင်ဒိုနီးရှားက ယုံကြည်ပါတယ်။ နောက် ၂၀၁၄မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့အပါ အဝင်ပေါ့။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်ရေး စတာတွေ ဆွေးနွေးခဲ့ပါတယ်။”
အင်ဒိုနီးရှားက လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီဟာ ဒီကနေ့ ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံတယ်လို့လည်း သိရပါတယ်။
အင်ဒိုနီးရှား သံရုံးရဲ့ အတွင်းဝန်က “မြန်မာက အာဆီယံ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ မှာ တာဝန်ယူမယ်ဆိုတာ ဆုံးဖြတ်ပြီးတော့ အဆုံးသတ်ခဲ့တဲ့ ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲက အကြောင်းတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြမှာဖြစ်တယ်။ မြန်မာရဲ့ ပြုပြင်ပြောင်းလဲတာတွေ၊ ဒီမိုကရေစီရေး တိုးတက်လာတာတွေကို ထောက်ခံတဲ့အကြောင်းရယ်၊ ကောင်းမွန်တဲ့ တိုင်းပြည် တည်ဆောက်ရာမှာ လက်တွဲသွားမယ် ဆိုတာရယ် ပြောသွားမှာ ဖြစ်ပါတယ်။”