အမ်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစီး မီးလောင်၊ ၁ ဦး သေဆုံး
DVB
·
March 2, 2017
အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ အုန်းတည်ချောင်းရွာအနီး အမ်း-စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် ၂၅/ဝ မှာ မတ်လ ၂ ရက်၊ မနက် ၆ ခွဲက အဝေးပြေးခရီးသည်ယာဉ်တစီး ဝါယာရှော့ခ်ဖြစ် မီးလောင်ခဲ့ပြီး စီးနင်းလိုက်ပါလာတဲ့ အသက် ၂ဝ အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပါတယ်။
ရန်ကုန်ကနေ ထွက်ခွာလာတဲ့ အောင်ပြည့်စုံ ရန်ကုန်-စစ်တွေ အဝေးပြေးယာဉ်လိုင်းက ဦးကောင်းဆက်နိုင် မောင်းနှင်လာတဲ့ အဝေးပြေးယာဉ်ဟာ အုန်းတည်ချောင်းရွာနားမှာ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ရာက အနားက ဂက်စ်အိုးကို မီးကူးစက်ပြီး ဂက်စ်အိုးနှစ်လုံးမှာ ၁ လုံး ပေါက်ကွဲတဲ့အတွက် ယာဉ်တစီးလုံး မီးလောင်ကျွမ်းခဲ့တာပါ။
မီးလောင်မှုကြောင့် ယာဉ်ပေါ်မှာ ခရီးသည် ၁၈ ဦး ပါလာတဲ့အနက် အသက် ၂ဝ အရွယ် မအေးအေးသန်းဟာ ယာဉ်ပေါ်ပိတ်မိနေပြီး မီးလောင် သေဆုံးခဲ့ပါတယ်။
မီးလောင်မှုကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ကဇုကိုင်း ကျန်းမာရေးဌာနမှာ ဆေးကုသပေးနေတယ်လို့ သိရှိရပါတယ်။
မီးလောင်ကျွမ်းမှုကို အမ်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ ဦးကောင်းဆက်နိုင်က ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။
သတင်း - ကိုအောင်၊ ဓာတ်ပုံ-CJ ကိုစံ