လူကုန်ကူးခံရသူများအား ထိုင်းက မြန်မာထံ ပြန်လည်လွှဲပြောင်းပေးအပ်
DVB
·
March 2, 2017
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနမှ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ ကော့သောင်းမြို့ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၁၅ ဦးမှာ မွန်ပြည်နယ်မှ ၉ ဦး၊ ရခိုင်ပြည်နယ်မှ ၃ ဦး၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းမှ ၁ ဦးစီ ပါဝင်ကြပြီး သူတို့ကို ကော့သောင်းမြို့ လူမှုဝန်ထမ်းဦးစီးဌာနက ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာမှာ ယာယီစောင့်ရှောက်ထားပြီး အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ မှတ်ပုံတင်မရှိသူတွေကို ယာယီ ခရီးသွားထောက်ခံစာတွေ ပြုလုပ်ပေးခဲ့ပါတယ်။
မတ်လ ၁ ရက်နေ့မှာ လူကုန်ကူးခံရသူ အမျိုးသား ၁၅ ဦးအနက် ၁၃ ဦးကို ကော့သောင်းမြို့မှ ရန်ကုန်မြို့ကိုလည်းကောင်း၊ ၂ ဦးကို ရန်ကုန်မြို့မှ ကလေးမြို့ကို လည်းကောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်လက်မှတ် အခမဲ့ ပံ့ပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း - လတ်ကိုကိုဦး