ဟိုပင်မြို့ ရေတံခွန်တွင် ၉ တန်းကျောင်းသား ၂ ဦးအလောင်း တွေ့ရှိ
DVB
·
March 2, 2017
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့အနီး ဂလိုင်ချောင်း ရေအားလျှပ်စစ် ရေတံခွန်အောက်ခြေရေအိုင်မှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီလောက်က အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား ၂ ဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဟိုပင်ရဲစခန်းကပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်က ဟိုပင်မြို့ မြကျွန်းသာရပ်ကွက်နေ မောင်သန်းထက်ပိုင်နဲ့ မြဇေယျာရပ်ကွက်နေ မောင်အောင်ဝင်းဝင်းလှိုင်တို့ဟာ ဆိုင်ကယ်နဲ့ ထွက်သွားရာကနေ ပြန်မလာတာကြောင့် မိဘတွေက လိုက်လံရှာဖွေကြရာမှာ ၎င်းတို့ နှစ်ဦး စီးသွားတဲ့ ဆိုင်ကယ်ကို ဂလိုင်ချောင်း ရေအားလျှပ်စစ်စက်ရုံအနီးမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ရေတံခွန်တောင်ထိပ်ကို တက်ကြည့်ရာမှာ အောင်ဝင်းလှိုင်ရဲ့ အပြာရောင် ဂျင်းအင်္ကျီနဲ့ ဖုန်းဘက်ထရီပြားတခုကို တွေ့ရှိတာကြောင့် ရေတံခွန်အောက်ခြေ ရေကန်အတွင်း ရှာဖွေကြရာ ပျောက်ဆုံးနေတဲ့ ၉ တန်းကျောင်းသား ၂ ဦးကို သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့တာပါ။
အလောင်းကို ရဲဆေးစာနဲ့ ဟိုပင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒုရဲအုပ်ရှိန်းထက်ဦးက တရားလိုပြုလုပ်ကာ သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၇ နဲ့ ဟိုပင်ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။
သတင်း - မုန်းမုန်းမင်း