ဘုတ်ပြင်းတွင် ဖမ်းမိသည့်မိကျောင်းကြီး ပြန်လွှတ်ပေး
DVB
·
March 1, 2017
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ခွဲ၊ ကရသူရိမြို့နယ်၊ ဟန်ကပြုကျေးရွာ ကျောက်ကြီးချောင်းထဲမှာ ဖမ်းမိခဲ့တဲ့မိကျောင်းကို မနေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သစ်တောဦးစီးဌာနရုံးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က ဖမ်းဆီးရမိတဲ့ အရွယ်အစား အလျား ၁၁ ပေ ၂ လက်မခန့်ရှိ မိကျောင်းအမကို မနေ့က ညနေ ဒီရေတက်ချိန် ၆ နာရီခွဲမှာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သစ်တောဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက ပြောပါတယ်။
ဟန်ကပြုကျေးရွာ ယုဇနဆီအုန်းခြံအနီး ကျောက်ကြီးချောင်းအတွင်း ဖေဖော်ဝါရီ ၂၈ ရက် မနက် ၉ နာရီလောက်က ကုန်းပေါ်တက်လာတဲ့ အလျား ၁၁ ပေ ၂ လက်မခန့်ရှိ မိကျောင်း တကောင်ကို ဖမ်းဆီးရမိခဲ့တာပါ။
“ယုဇနဆီအုန်းခြံက အလုပ်သမားတဦးဖြစ်တဲ့ ဇော်ရဲအောင်ဆိုသူက တွေ့လို့ ရွာသားတွေကို အန္တရာယ်ပြုမှာကို စိုးရိမ်လို့ ရွာသားတွေ ၀ိုင်းဝန်းပြီး ဖမ်းဆီးရမိတာပါ။ ဒီရေကျချိန်ဖြစ်လို့ မိကျောင်းက အမဖြစ်တော့ ဥ ဥဖို့ တက်လာတာဖြစ်မှာပါ။ ရွာသားတဦးက ဝက်သုတ်ကိုင်း ထောင်ထားတဲ့နေရာကို သွားကြည့်ခဲ့ရာမှ ဝက်သုတ်ကိုင်းအနီးမှာ မိကျောင်းကို စတွေ့တာဖြစ်ပါတယ်။ ရေချို ရေငန်စပ် နေရာဖြစ်လို့ အရင်ကလည်း ရှိခဲ့ဖူးတယ်”လို့ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးသန်းထွန်းဦးက ပြောပါတယ်။
သတင်း - ဇော်ဇော် (မြိတ်)၊ ဓာတ်ပုံ - ကျော်သူရမင်းသွယ်