ဟဲဟိုးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆သန်းကျော်ဖမ်းမိ
DVB
·
March 1, 2017
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ တောင်ကြီး-ကလောသွား ကားလမ်းမှာ မော်တော်ယာဉ်တစီးပေါ်ကနေ ငွေကျပ်သိန်း ၆၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆သန်းကျော် ဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် မနက်က တောင်ကြီး-ကလောသွား ကားလမ်း၊ မိုင်တိုင်အမှတ် (၉၈/၀)ရှိ ဘဝသံသရာတံတားနားမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သတင်းအရ စောင့်ဆိုင်းစဉ် တောင်ကြီးမြို့မှ ကလောမြို့ဘက်သို့ ယာဉ်မောင်းကျော်ထွန်းလှိုင်မောင်းနှင်ပြီး စိုင်းသူရအောင် လိုက်ပါလာတဲ့ ကင်န်တာအမျိုးအစား ခြောက်ဘီးကားကို ရပ်တန့်စစ်ဆေးရာမူးယစ်ဆေးဝါးတွေ ဖမ်းမိတာလို့ ဆိုပါတယ်။
ယာဉ်ပေါ်မှာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၆၀၅၀၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၆၀၅၀၀ ခန့်)ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေကို ဟဲဟိုးနယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။