Home
ဆောင်းပါး
မျိုးနှစ်အဆိပ်သင့်နိုင်ငံတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပန်းမပန်တဲ့နေ့
DVB
·
March 1, 2017
  ဓာတုဗေဒအဆိပ်ဆိုတာ အမျိုးမျိုးရှိပါတယ်။ လူ့အသက်တချောင်းကို အလွယ်တကူ နုတ်ယူနိုင်တဲ့အဆိပ်၊ လူ့အသက်ပေါင်းများစွာကို ဇီဝိန်ခြွေနိုင်တဲ့အဆိပ် စသည်ဖြင့် ပြင်းအားအမျိုးမျိုးနဲ့ ဓာတုဗေဒအဆိပ်တွေ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီလိုဓာတုဗေဒအဆိပ်တွေထက် အဆပေါင်းများစွာ ပြင်းထန်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ အဆိပ်တမျိုး ရှိပါတယ်။ အဲ့ဒီအဆိပ်ကတော့ အသိဉာဏ်အလင်းပျောက်ပြီး အတ္တလွန်ကဲမှု အမှောင်တိုက် ကြီးကနေ ပေါက်ဖွားလာတဲ့ အစွန်းရောက်မျိုးချစ်စိတ် သို့မဟုတ် မျိုးနှစ်အဆိပ်ပါပဲ။ မျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ကို မှန်မှန်ကန်ကန် အသိဉာဏ်ဦးစီးပြီး မရှုမြင်နိုင်ရာက အစွန်းရောက် အဆိပ်သင့်ပြီး မူလဂုဏ်ရည်ပျက်ယွင်းသွားရာက ပေါ်ထွက်လာတဲ့ အဆိုပါ မျိုးနှစ်အဆိပ်ဟာ လူမျိုးတမျိုး၊ တိုင်းပြည်တပြည်တည်းတင် ဖျက်ဆီးပစ်နိုင်ရုံမကပါဘူး။ လူသားမျိုးနွယ်တခုလုံး  ပျောက်ကွယ်သွားစေနိုင်တဲ့အထိ အလွန်အဆိပ်ပြင်းထန်ပြီး အန္တရာယ်ကြီးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမျိုးတမျိုးနဲ့တမျိုး မုန်းတီးစိတ်ကနေ လူမျိုးတုံး သတ်ဖြတ်လိုတဲ့ မကောင်းဆိုးဝါးစိတ်တွေ ဖြစ်တည်လာပြီး နောက်ဆုံး နိုင်ငံအချင်းချင်း စစ်မက်တွေ ဖြစ်ပွားခဲ့ရတဲ့ သမိုင်းသာဓကတွေ လတ်လတ်ဆတ်ဆတ် ရှိနေပါသေးတယ်။ မျိုးနှစ်အဆိပ်သင့်ပြီး လူသားသန်းပေါင်းများစွာရဲ့ အသက်အိုးအိမ်တွေကို ဖျက်ဆီးခဲ့တဲ့ ဂျာမနီအာဏာရှင် ဟစ်တလာ၊ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်ပွဲနဲ့ ဒီကနေ့ ကမ္ဘာကြီးရဲ့ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့  ISIS လို့ ခေါ်ကြတဲ့ အစ္စလာမ်အကြမ်းဖက်အဖွဲ့တွေဟာ အလွန်ထင်ရှားတဲ့ သာဓကတွေပါပဲ။ ဒါကြောင့် လူသားမျိုးဆက်ရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်လာတဲ့ မိမိနဲ့ မိမိလူမျိုးမှအပ တခြားလူမျိုးကို မုန်းတီး အထင်သေး၊ ရန်ရှာ၊ အနိုင်ကျင့်ချင်တဲ့ မျိုးနှစ်အဆိပ်ဆိုတဲ့ အောက်တန်းစားစိတ်ဓာတ်၊ အတွေးအခေါ် အဆိပ်သင့်မှုကြီးကို တကမ္ဘာလုံးမှာရှိကြတဲ့ ယဉ်ကျေးတဲ့ လူသားတိုင်းက သမိုင်းပေး ခေတ်တာဝန်တရပ်အနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့တုန်းက NLD ပါတီရဲ့ ဥပဒေအကြံပေးအဖွဲ့ဝင် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါးပြတိုက်မှာ လုပ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့  ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုဟာ အစွန်းရောက် မျိုးချစ်စိတ်ကြောင့်  ဖြစ်တာလို့ ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောဆိုခဲ့ပါတယ်။ “အမျိုးမျိုး ချိန်ဆရပါတယ်။ သို့သော်လည်းပဲ တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာဟာ အမျိုးချစ်တဲ့စိတ်ကြောင့် အစွန်းရောက်သွားတာ၊ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ဓာတ်တွေ ကိန်းအောင်းသွားတဲ့အချိန်မှာ  လုပ်ကြံလိုက်တယ်လို့ ဒါ ကိုယ်တို့ ဖော်ထုတ်လို့ရပါတယ်”လို့ ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောဆိုသွားခဲ့ပါတယ်။ သူ ပြောသွားခဲ့တဲ့စကားကိုပဲ ကောက်ကောက်၊ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ လူမှုကွန်ရက်တွေမှာ လူသာမန်တွေသာမက ဘုန်းတော်ကြီးတချို့ ကိုယ်တိုင် ရေးသား ဖြန့်ချိနေကြတဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရား ဖြန့်ချိမှုတွ၊ လူလူချင်း သတ်ဖို့ ဖြတ်ဖို့ ပြောင်ပြောင်တင်းတင်း လှုံ့ဆော်နေကြတဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင် အထက်က ဖော်ပြခဲ့တဲ့ အစွန်းရောက်မျိုးချစ်စိတ် (ဝါ) လူသတ်မျိုးနှစ်အဆိပ်ဟာ မြန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း ကူးစက်ပြန့်ပွားနေပြီဆိုတာ တိတိကျကျ ပြောလို့ရပါတယ်။ ဒီလို အန္တရာယ်ကြီးမားတဲ့ အခြေအနေကနေ လူမျိုးတုံးသတ်ဖြတ်တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကြီးတွေ မဖြစ်ပွားလာအောင် တားဆီးဖို့ အုပ်ချုပ်တဲ့အစိုးရနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ရဟန်းရှင်လူ၊ ပြည်သူပြည်သားအားလုံး လက်တွဲညီညီနဲ့ အာဏာစက်၊ ဓမ္မစက်၊ လူထုအားတွေအပြည့်သုံးလို့ အစွန်းရောက်မျိုးချစ်စိတ် (ဝါ) လူသတ် မျိုးနှစ်အဆိပ်ကို ဖောက်ထုတ် ရှင်းလင်းသုတ်သင်ရမယ့်အချိန် ရောက်နေပါပြီ။ တကယ်တော့ အမျိုးချစ်စိတ် အမျိုးမာန် ဇာတိမာန်ဆိုတာ ပုထုဇဉ်လူသားတိုင်းမှာ အနည်းနဲ့ အများ ဆိုသလို ရှိကြပါတယ်။ ဘယ်သူမဆို ကိုယ့်သားသမီး၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်လူမျိုးကို ချစ်ကြတာပါပဲ။ ဒါပေမယ့် အမျိုးချစ်စိတ်ဆိုတာ မှန်မှန်ကန်ကန် ထားတတ်ဖို့ လိုပါတယ်။ ထားအပ်တဲ့မျိုးချစ်စိတ်ဆိုတာ မိမိသားသမီး၊ မိမိအမျိုးအဆွေ၊ မိမိလူမျိုးကို ဆင်းရဲနိမ့်ကျနေရင် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ တိုးတက်ချမ်းသာလာအောင် သူတော်ကောင်းတရား သမာသမတ်ကျတဲ့ လမ်းညွှန်မှုနဲ့ ဆင်းရဲဒုက္ခတွေက လွတ်မြောက်အောင် ကူညီကယ်တင် စောင့်ရှောက်ပေးချင်တဲ့ မှန်ကန်တဲ့ ဉာတတ္တစရိယ စိတ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ မြန်မာနိုင်ငံအတွင်းမှာ ကူးစက်ပြန့်ပွား အဆိပ်သင့်နေတဲ့ အမျိုးသားရေးစိတ် ဆိုတာက မိမိအမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တခြားလူမျိုး၊ တခြားဘာသာတွေအပေါ် မုန်းတီး ရန်လိုစိတ်တွေ မွေးမြူပေးပြီး ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ပြင်းပြင်းထန်ထန် ရှုတ်ချတော်မူတဲ့ အစွန်းရောက်မျိုးချစ်စိတ် (ဝါ) မျိုးနှစ်အဆိပ်အဆင့်ကို ရောက်ရှိပြီး တိုင်းပြည်ကို အမှောင်တိုက်ကြီးတခုဆီ ခေါ်ဆောင်နေပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်တွေဖြစ်တဲ့ သာကီဝင် မင်းဆွေမင်းမျိုး အများစုဟာ အမျိုးမာန် ဇာတိမာန် အလွန်ကြီးတယ်ဆိုတာဟာ အဲဒီ အစွန်းရောက် မျိုးချစ်စိတ်ပါပဲ။ မျိုးနှစ်အဆိပ်သင့်နေတဲ့ သာကီဝင်တွေဟာ  သူတို့အမျိုးကို တခြား ဘယ်အမျိုးဇာတ်နဲ့မှ မနှောချင်ကြဘူး။ ဒါကြောင့် သူတို့က အမျိုးညံ့တယ်၊ နိမ့်ကျတယ်လို့ သတ်မှတ်ထားတဲ့ ကျွန်မက မွေးဖွားလာတဲ့ ဝိဋ္ဋဋူပမင်းသားလေး ထိုင်တဲ့နေရာကို ယုတ်ညံ့သွားတယ်လို့ ယူဆပြီး နွားနို့နဲ့ ဆေးကြောသန့်စင်တဲ့ အမျိုးမာန်၊ ဇာတိမာန်ကြီးမှု၊ အစွန်းရောက်မှုက ဘုရားရှင်တောင် ကယ်တင်တော်မမူနိုင်ဘဲ သာကီဝင်မင်းတွေကို ကလေးကစ လူကြီးအထိ မျိုးတုံးအောင် သုတ်သင်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ပျက်စီးခြင်းငါးပါး ဆိုက်ခဲ့ကြတဲ့ ဥပမာကို အသိဉာဏ်နဲ့ ဆင်ခြင်သင့်ပါတယ်။ တကယ်တော့ အသိဉာဏ်မဦးစီးနိုင်တဲ့ ပုထုဇဉ်တွေ၊ ဘယ်ဘာသာဝင်တွေမှာမဆို အစွန်းရောက်မျိုးချစ်စိတ် (ဝါ) မျိုးနှစ်အဆိပ်ဆိုတာ သူတို့ရဲ့ အတွင်းစိတ်ထဲမှာ ကိန်းအောင်း တည်ရှိနေပြီးသားပါ။ မြန်မာနိုင်ငံရဲ့သမိုင်းကို လေ့လာရင် အဲဒီလို အရန်သင့်ရှိနှင့်ပြီးသား အစွန်းရောက်မျိုးချစ်စိတ် (ဝါ) မျိုးနှစ်အဆိပ်ကို ဖိနှိပ်တတ်တဲ့ အုပ်ချုပ်သူတိုင်းဟာ သူတို့ အာဏာတည်မြဲရေးအတွက် လိုအပ်တဲ့အချိန်မှာ အသုံးချတတ်ကြပါတယ်။    ဗြိတိသျှကိုလိုနီနယ်ချဲ့တွေဟာ သူတို့ရဲ့ ဖိနှိပ်အုပ်ချုပ် ကုပ်သွေးစုပ်မှုကို ဖုံးကွယ်ဖို့ ရန်ကုန် သင်္ဘောကျင်းမှာ ကုလား-မြန်မာ အဓိကရုဏ်းကို ဖန်တီးပြီး သူတို့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက လွတ်မြောက်အောင် ထွက်ပေါက်ရှာခဲ့ကြပါတယ်။ အဲဒီလိုပါပဲ၊ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်တတ်တဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့ရဲ့ မတရားအုပ်စိုးမှုကို ဖုံးကွယ်ဖို့ လိုအပ်လာတိုင်း၊ သူတို့ အာဏာတည်မြဲရေးအတွက် အစွန်းရောက်မျိုးချစ်စိတ် (ဝါ) မျိုးနှစ်အဆိပ်ကို ညှစ်ထုတ်ပြီး တရုတ်-ဗမာ အဓိကရုဏ်း၊ ကုလား-ဗမာ အဓိကရုဏ်းတွေကို အကွက်ချဖန်တီးခဲ့ကြတာ သမိုင်း အထောက်အထားတွေ အများကြီး ရှိခဲ့ဖူးပါပြီ။ ဒီကနေ့ မြန်မာနိုင်ငံတဝန်းလုံးမှာ ကူးစက်ပြန့်ပွားပြီး အကြီးအကျယ်ဒုက္ခပေးနေတဲ့ အစွန်းရောက်မျိုးချစ်စိတ် (ဝါ) မျိုးနှစ်အဆိပ် တကျော့လှိုင်း ပြန်ပေါ်လာစေတဲ့ သမိုင်းကို လေ့လာလိုက်ရင် သက္ကရာဇ် ၂၀၀၀ ကျော် အစပိုင်းနှစ်တွေမှာ လွဲမှားနေတဲ့ အစွန်းရောက် အမျိုးသားရေးတရားတွေကို သံဃာတချို့က စတင်ဟောကြားလာရာက စတင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို မှားတတ်တဲ့ ကိစ္စရပ်တွေ၊ ရာဇဝတ်မှုတွေထဲက လူမျိုးခြား၊ ဘာသာခြားအမှားကို မီးမောင်းထိုးပြပြီး အမုန်းတရားတွေ လှုံ့ဆော်ပေးတဲ့ အစွန်းရောက် အမျိုးသာရေးတရားတွေကတဆင့် အစွန်းရောက်မျိုးချစ်စိတ် (ဝါ) မျိုးနှစ်အဆိပ်တွေ ကူးစက်ပြန့်ပွားလို့ ကျောက်ဆည်မြို့၊ တောင်ငူ၊ မိတ္ထီလာ၊ ရခိုင်ပြည်တွေမှာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့တာကို စစ်အာဏာရှင်ဟောင်းတွေက မီးလောင်ရာကို ဓာတ်ဆီဖျန်းပြီး သူတို့ လက်လွှတ်ခဲ့ရတဲ့ အာဏာပြန်ရအောင် ဆိုးယုတ်စွာ အသုံးချလာခဲ့ကြပါတယ်။ ဘယ်တုန်းကမှ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို မဆောင်ရွက်ခဲ့တာမို့ လူထုထောက်ခံမှု မရတဲ့ စစ်အာဏာရှင်အသိုင်းအဝိုင်းတွေဟာ အဲဒီ အစွန်းရောက် မျိုးချစ်စိတ် (ဝါ) မျိုးနှစ်အဆိပ်ကို သူတို့ရဲ့ စည်းရုံးရေးလက်နက်အနေနဲ့ရော၊ တိုင်းပြည် မငြိမ်သက်စေဖို့ လက်ရှိအုပ်ချုပ်နေတဲ့ ပြည်သူ့အစိုးရကို အနှောင့်အယှက်ပေးဖို့အတွက်ပါ ရည်ရွယ်ပြီး အလွန်အကျူးအသုံးချနေကြပါတယ်။ အခုဆိုရင် ဒီမိုကရေစီ အပြောင်းအလဲကို မလိုက်ပါလိုဘဲ ဖျက်ဆီးဆန့်ကျင်ဖို့ စစ်အာဏာရှင်စနစ်ဟောင်းက မွေးထုတ်လိုက်တဲ့ အမည်းရောင်အင်အားစုကြီးတရပ်ဟာ .. အခုဆိုရင် မြန်မာနိုင်ငံ လူ့အသိုင်းအဝိုင်းအမျိုးမျိုးကြား၊ အဖွဲ့အစည်းတွေကြားမှာ ဗုဒ္ဓဘာသာကို အကာအကွယ်ယူပြီး စိမ့်ဝင်ထိုးဖောက်ဝင်ရောက်လို့ ဘာသာရေး မုန်းတီးမှု၊ လူမျိုးရေး မုန်းတီးမှု မျိုးနှစ်အဆိပ်တွေခပ်ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်နေကြပါပြီ။ အဲဒီ အမည်းရောင်အင်အားစုကြီးဟာ ဖေ့စ်ဘွတ်၊ အွန်လိုင်း ပြင်ပလောက နေရာစုံမှာ အနုနည်း၊ အကြမ်းဖက်နည်း မဟုတ်တမ်းတရား သတင်းဖန်တီးခြင်း၊ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြား မယုံကြည်မှု သံသယတွေ တိုးပွားအောင်၊ မညီညွတ်အောင် သွေးခွဲရန်တိုက်ခြင်း အစရှိတဲ့ အယုတ်မာဆုံး နည်းလမ်းတွေ သုံးပြီး ကောက်ကျစ်စဉ်းလဲစွာနဲ့ တိုင်းပြည်ကို မငြိမ်သက်အောင်၊ သမိုင်းတွင်မယ့် အကုသိုလ်မှုတွေ ပြုနေကြပါတယ်။ ဒီအခြေအနေတွေကို ပြည်သူအားလုံးက အလေးအနက်ထား ဂရုပြုပြီး ထိုထိုသော လူယုတ်မာတွေကို ဝိုင်းဝန်းဖော်ထုတ်ဆန့်ကျင်ဖို့ လိုပါတယ်။ ဒီမိုကရေစီအင်အားစုတွေ အားလုံးသာမက ပြည်သူပြည်သားများ၊ ရိုးရိုးသားသားဖြင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်လိုသူများ၊ တခြားဘာသာဝင်များ၊ တပ်မတော်ထဲမှ အမှန်တရားကို မြတ်နိုးသည့် တပ်မတော်သားအားလုံး၊ တိုင်းရင်းသားများအားလုံး အမြင်ကျယ်ကျယ်ဖြင့် ရင်ချင်းထပ် ကျောချင်းကပ်ပြီး စည်းလုံးညီညွတ်စွာ လက်တွဲလို့ နိုင်ငံရဲ့ဘုံရန်သူအစစ်ဖြစ်တဲ့ အမည်းရောင်အင်အားစုကြီးကို ရင်ဆိုင်ဖြိုခွင်းဖယ်ရှားဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အစွန်းရောက်မျိုးချစ်စိတ်ကနေ ကျူးလွန်ခဲ့တဲ့ သမိုင်း အမည်းစက်ကြီးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေကြီးဦးကိုနီကို အပြည်ပြည်ဆိုင်ရာလေဆိပ်အထွက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့ခြင်းပဲ မဟုတ်လား။ တနေ့ထက် တနေ့ ပိုလို့အတင့်ရဲလာတဲ့ အစွန်းရောက် မျိုးချစ်စိတ် (ဝါ) မျိုးနှစ်အဆိပ်ကို ဖောက်ထုတ်ရှင်းလင်းပစ်နိုင်အောင် အမှန်တရား မြတ်နိုးသူတိုင်း၊ အကြမ်းဖက်မှုကို ဆန့်ကျင်သူတိုင်း၊ မတရားမှုကို လက်မခံသူတိုင်း ပူးပေါင်းအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တော်ဝင်နှင်းဆီခန်းမှာ ပြုလုပ်ခဲ့တဲ့ ရှေ့နေကြီးဦးကိုနီနဲ့ ဦးနေဝင်းတို့အတွက် တလပြည့် အောက်မေ့ဖွယ်အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့မှုဟာ အစွန်းရောက်မျိုးချစ်စိတ် သို့မဟုတ် မျိုးနှစ်အဆိပ်ကို လက်မခံဘူး၊ လက်နက်နဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်ဆိုတာ အထင်အရှား ပြသလိုက်တာပါပဲ။ “ကျမတို့ အဖွဲ့ချုပ်ရဲ့ အာဇာနည်သူရဲကောင်းများ၊ ကျမတို့အဖွဲ့ရဲ့ သားကောင်းများ၊ နိုင်ငံတော်ရဲ့ သားကောင်းများ ရှိခဲ့တယ်ဆိုတဲ့ အသိကို အမြဲပဲ အောက်မေ့ပြီးတော့ အင်အားဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု ပြောကြားခဲ့ပါတယ်။   မြန်မာအမျိုးသမီးတွေရဲ့ သင်္ကေတတခုလို ကမ္ဘာက အသိအမှတ်ပြုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအခမ်းအနားကို တက်ရောက်လာရာမှာ ပန်းပန်မလာခဲ့ပါဘူး။ သူမ အမြတ်တနိုး ထိန်းသိမ်းထားတဲ့ ပန်းပန်တဲ့ အလေ့အထကိုမပြုဘဲ တက်ရောက်လာတဲ့ အဓိပ္ပာယ်ကတော့ မျိုးနှစ်အဆိပ်သင့်နိုင်ငံတော်အတွက် အထူးဝမ်းနည်းကြေကွဲမှုကို ပြသလိုက်တာပါပဲ။ ဒါကြောင့် တိုင်းပြည်ကို အကြမ်းဖက်သံသရာကြီးထဲ တဝဲလည်လည်ဖြစ်စေမယ့် ပြည်သူပြည်သားတွေကို ဒုက္ခငရဲဘုံထဲ ဆွဲချနေတဲ့ လူသတ်အားပေး အစွန်းရောက် မျိုးချစ်စိတ် (ဝါ) မျိုးနှစ်အဆိပ်ကို ညှစ်ထုတ်သုတ်သင်ဖယ်ရှားဖို့၊ မြန်မာနိုင်ငံသားတိုင်း၊ လူမျိုးစုံ၊ ဘာသာစုံ ပူးပေါင်းလက်တွဲအားထုတ်ကြဖို့ မိမိတို့ဝန်းကျင်မှာရှိနေတဲ့ ဘာသာရေး အစွန်းရောက်၊ လူမျိုးရေး အစွန်းရောက်နေသူတွေကို လုံးဝ လုံးဝ လက်မခံကြဖို့ ရဲရဲဝံ့ဝံ့ ရှုတ်ချအပြစ်ပေး  ဖယ်ကြဉ်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။   မင်းကောင်းချစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့  ၂၀၁၇ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024