ကင်ဂျုံနမ်အသတ်ခံရမှု ဆွေးနွေးရန် မြောက်ကိုရီးယား အထူးသံတမန် မလေးရှား ရောက်ရှိ

ဓာတ်ပုံ - ရိုက်တာ
1.2K
ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး စကားပြောဖို့အတွက် မြောက်ကိုရီးယား အထူးသံတမန် ရီတန်အီဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူကို ရောက်ရှိလာပါတယ်။
သူဟာ ကင်ဂျုံနမ်အသတ်ခံရပြီး ၂ ပတ်အကြာမှာ ပထမဦးဆုံးရောက်လာတဲ့ မြောက်ကိုရီးယား ထိပ်တန်းသံတမန် ဖြစ်ပါတယ်။
မစ္စတာရီဟာ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။
အခုခရီးစဉ်နဲ့ပတ်သက်ပြီး မစ္စတာရီက ပထမအချက်အနေနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က အသတ်ခံရတဲ့ မြောက်ကိုရီးယားနိုင်ငံသားရဲ့ ရုပ်အလောင်းကို ပြန်လွှဲပေးဖို့ ဆွေးနွေးမယ်လို့ ပြောပါတယ်။
ဒုတိယအချက်အနေနဲ့ ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ မြောက်ကိုရီးယား နိုင်ငံသားကို ပြန်လွှတ်ပေးဖို့နဲ့ တတိယအချက်အနေနဲ့ မလေးရှားနဲ့ မြောက်ကိုးရီးယားနိုင်ငံအကြား ဆက်ဆံရေးတိုးတက်ဖို့ကို ဆွေးနွေးမယ်လို့ ဆက်ပြောသွားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဖေတူအမေကွဲအစ်ကို ကင်ဂျုံနမ်ဟာ သူ့မိသားစုရဲ့ အာဏာရှင်ဆန်တဲ့ ဆက်ဆံရေးကို ဝေဖန်ခဲ့ဖူးပါတယ်။
အဲဒီစနစ်ကို မကြိုက်တဲ့အတွက် မြောက်ကိုရီးယားနိုင်ငံမှာမနေဘဲ တရုတ်အစိုးရ အကာအကွယ်နဲ့ မကာအိုမှာ မိသားစုနဲ့အတူ နေထိုင်တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတော့ မလေးရှားကနေ မကာအိုကိုအပြန် ကွာလာလမ်ပူလေဆိပ်မှာ မိနစ်ပိုင်းအတွင်း သေစေနိုင်တဲ့ အားပြင်းအဆိပ်နဲ့ သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီသတ်ဖြတ်မှုမှာ မြောက်ကိုရီးယားအစိုးရ ပါဝင်ပတ်သက်နေတယ်လို့ မလေးရှားအစိုးရက သံသယရှိတာကြောင့် လူ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်။
ကင်ဂျုံနမ်ရဲ့ ရုပ်အလောင်းကိုလည်း ပြန်လွှဲပေးဖို့ ငြင်းဆန်နေပြီး မြောက်ကိုရီးယားမှာရှိတဲ့ မလေးရှားသံအမတ်ကို ပြန်လည်ခေါ်ယူထားကြောင်း ကွာလာလမ်ပူက ပေးပို့တဲ့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။