Live
Home
မြန်မာသတင်း
ရွှေတိဂုံကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမည်၊ အလှူငွေများဖြင့် စေတီတော်လုံခြုံရေးတိုးမြှင့်မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 28, 2017
  ရွှေတိဂုံစေတီတော်ကြီးက ရရှိတဲ့ အလှူငွေတွေကို စေတီတော် လုံခြုံရေးအတွက် ခေတ်မီ အီလက်ထရောနစ် စက်ပစ္စည်းတွေ ၀ယ်ယူရာမှာ အဓိကထားအသုံးပြုသွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။ “ပြီးခဲ့တဲ့ လပိုင်းရက်ပိုင်းလောက်က ရွှေတိဂုံစေတီတော်မြတ်ကြီးကိုဖောက်ခွဲ ပျက်စီးမယ်။ တိုက်ခိုက်ဖျက်စီးမယ်ဆိုတဲ့ အစွန်းရောက်အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှု သတင်းတွေလည်း ထွက်လာတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုနေ့ည အလင်းရောင်ရရှိအောင် စနစ်ကနေစပြီး CCTV အပါအ၀င် ပြည်တွင်းပြည်ပကလာတဲ့ ဘုရားဖူးဧည့်သည်တွေကို စစ်ဆေးမယ့် ခေတ်မီ အီလက်ထရောနစ် ပစ္စည်းတွေဝယ်ယူတပ်ဆင်ပြီးတော့မှ လုံခြုံရေး အပြည့်အ၀ရရှိဖို့အတွက် ဆောင်ရွက်နေပါတယ်” လို့ သူရဦးအောင်ကိုက ပြောပါတယ်။ လုံခြုံရေးပစ္စည်းတွေ ၀ယ်ယူတပ်ဆင်နိုင်ဖို့အတွက် ဂျပန်၊ ပြင်သစ်၊ အီတလီတို့က ကျွမ်းကျင်ပညာရှင်တွေနဲ့ မြန်မာနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေ စုပေါင်းပြီးတော့ အကြံပြုချက်တွေနဲ့ လုံခြုံရေး တိုးမြှင့်မှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လာရောက်ဖူးမျှော်လေ့လာကြတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းငွေဟာ ဆိုရင် ယနေ့အချိန်ထိ ကျပ် ဘီလီယံ ၆၀ ကျော်ရရှိနေပြီး အလှူငွေ ကောက်ခံရရှိမှုကို ပြည်သူတွေသိရှိနိုင်ရန် ၃ လ တစ်ကြိမ်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။ လာရောက်ဖူးမျှော်လေ့လာသူတွေ စိတ်ချမ်းမြေ့စွာလာရောက်ဖူးမျှော်နိုင်ဖို့အတွက် ရင်ပြင်တော်ရှိ ကြွေပြားတွေကို နေပူဒဏ်ခံကျောက်ပြားတွေ အစားထိုးတာနဲ့ သန့်စင်ခန်းတွေကိုလည်း နိုင်ငံတကာ အဆင့်မှီ သန့်စင်ခန်းတွေအဖြစ် ပြောင်းလဲသွားဖို့လည်း ဆောင်ရွက်နေပြီလို့လည်း သူရဦးအောင်ကို က ပြောပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ၂၀၁၉ ခုနှစ်မှာ တင်သွင်းသွားမှာဖြစ်ပြီး လက်ရှိ ၂၀၁၇ ခုနှစ်မှာ ပုဂံရှိရှေးဟောင်းစေတီပုထိုးတွေနဲ့ ၂၀၁၈ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တင်သွင်းသွားမှာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024