ရှေးဟောင်း ပေ၊ ပုရပိုက် စုဆောင်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း
DVB
·
February 28, 2017
ဒေါက်တာသော်ကောင်း ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်တဲ့ ရှေးဟောင်း ပေ၊ ပုရပိုက် စုဆောင်းထိန်းသိမ်းရေးအဖွဲ့ကို သာသနာ၊ ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွဲ့စည်းပေးလိုက်ပြီး တနိုင်ငံလုံးအနှံ့ တကွဲတပြားစီ ရှိနေတဲ့ ပေ၊ ပုရပိုက်တွေ ကို စုဆောင်းထိန်းသိမ်းသွားဖို့ စီစဉ်နေပါတယ်။
ယဉ်ကျေးမှုဝန်ကြီးရုံးက ဖေဖော်ဝါရီ ၂၃ ရက်မှာ ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ဒီအဖွဲ့က စာပေအမွေအနှစ်တွေနဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေကို တာဝန်ယူ ထိန်းသိမ်းရမြာဖြစ်ပါတယ်။
ရှေးဟောင်း ပေ၊ ပုရပိုက်နဲ့ လက်ရေးစာတွေ ပြုပြင်ထိန်းသိမ်းရေး နည်းပညာသင်တန်းတွေ ပေးမယ်။ ရှေးဟောင်း ပေ၊ ပုရပိုက်၊ လက်ရေးစာတွေ ပြုပြင်ထိန်းသိမ်း မိုက်ခရိုဖလင်ရိုက်ကူးပြီး စုဆောင်းထားရှိမယ်။ မြန်မာ၊ ပါဠိ၊ မွန်၊ ရှမ်း၊ ကရင် စတဲ့ တိုင်းရင်းသားဘာသာစကားအသီးသီးနဲ့ ရေးသားထားတဲ့ ပေ၊ ပုရပိုက်နှင့် လက်ရေးစာတွေကို ပြုပြင်ထိန်းသိမ်းသွားမယ်လို့လည်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပေ၊ ပုရပိုက် ထိန်းသိမ်းရေးအဖွဲ့ကို မြန်မာ့သမိုင်းပညာရှင်တွေ၊ မြန်မာရှေးဟောင်းစာပေ ပညာရှင်တွေ၊ပေ၊ ပုရပိုက်ပညာရှင်တွေနဲ့ စာကြည့်တိုက်မှူးတွေ အပါအဝင် လူပုဂ္ဂိုလ် ၁၈ ဦးနဲ့ ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။
အလားတူအဖွဲ့မျိုးကို ၁၉၉၄ ခုနှစ်က ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းခဲ့ဖူးပြီး ဖွဲ့ခဲ့တဲ့ တနှစ်ပဲ လုပ်ငန်းလုပ်ဆောင်နိုင်ခဲ့ပြီး နောက်ပိုင်း ရပ်တန့်သွားခဲ့ပါတယ်။