ဒေါ်အောင်ဆန်းစုကြည်နှင့် အိုင်စီတေးဂီတအဖွဲ့ တွေ့ဆုံ
ရွှေအောင်
·
December 26, 2011
မြန်မာပြည်ရဲ့ အကျော်ကြားဆုံး တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ အိုင်းရင်းခရော့စ် တေးဂီတအဖွဲ့ဟာ ဒီနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။
[caption id="attachment_19205" align="alignright" width="300" caption="ဓာတ်ပုံ - အိုင်စီ "][/caption]
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့ ညနေပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး၊ အိုင်းရင်းခရော့စ် အဖွဲ့သားတွေဖြစ်တဲ့ အဆိုတော်လေးဖြူ၊ မျိုးကြီး၊ အငဲ၊ ဝိုင်ဝိုင်း၊ တီးဝိုင်းအဖွဲ့သားတွေဖြစ်တဲ့ ချစ်စမ်းမောင်၊ ခင်မောင်သန့်၊ ဗညားစတဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ပါဝင်ကြပါတယ်။
သွားရောက်တွေ့ဆုံရတဲ့ အကြောင်းကို ဘေ့စ်ဂစ်တာသမား ကိုခင်မောင်သန့်က ခုလိုပြောပြပါတယ်။
“တော်တော်များများက သူတို့ စီစဉ်တဲ့ရက်နဲ့ ကျနော်တို့ ကြိုလက်ခံထားတဲ့ပွဲနဲ့ တိုက်နေတယ်။ လောလောဆယ် ဒီပွဲမှာ ကျနော်တို့ ပါဝင်ခွင့် မရဘူး။ ကောလာဟလ အမျိုးမျိုး ထွက်နေလို့။ ပွဲတွေစပြီး စီစဉ်နေတဲ့ အချိန်မှာ လေးဖြူက စင်ကာပူမှာ ရောက်နေတယ်။ ချစ်စမ်းမောင်က အမေရိကားမှာ ရောက်နေတယ်။ သူတို့အဲဒီမှာ အသီးသီးရောက်နေချိန် ကျနော်တို့က အရမ်းကြီးလက်မခံရဲဘူး။ အဲဒါ အပြင်မှာ ကောလာဟလ အမျိုးမျိုး ထွက်နေလို့ အန်တီ့ကိုသွားပြောပြတာ။”
တွေ့ဆုံချိန် အချိန်တိုအတွင်း ထွေရာလေးပါး စကားတွေပဲ ပြောဖြစ်ကြတဲ့ အကြောင်းနဲ့ နောင်မှာ ထပ်တွေ့ကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးပြုလုပ်တဲ့ တိုင်းရင်းသားပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အိုင်စီ အဖွဲ့သားတွေကလွဲလို့ ကျန်တဲ့ တေးဂီတအဖွဲ့နဲ့ တေးသံရှင်တွေ အားလုံးနီးပါး ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။