စားကျက်မြေ ပြန်လည်ဖော်ထုတ်သတ်မှတ်ပေးရန် ထန်းတပင်မြို့တွင် ဆန္ဒပြ
DVB
·
February 27, 2017
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် တပြေးကျေးရွာမှာရှိတဲ့ ဒေသခံ ၂၀ ဝန်းကျင်လောက်ဟာ စားကျက်မြေ ပြန်လည်ဖော်ထုတ်သတ်မှတ်ပေးဖို့ ဒီနေ့ မနက်ပိုင်းက ဆန္ဒပြနေကြပါတယ်။
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ တပြေးကျေးရွာ ဒေသခံတချို့ဟာ ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကွင်းအမှတ် (၄၆၂/က) စားကျက်မြေတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာလယ်/ဆည်အဖွဲ့တွေက လူတဦးတယောက်တည်းကို လုပ်ကိုင်ခွင့်ချပေးထားပြီး ထိုစားကျက်မြေထဲမှာ နွားကျောင်းတာ ဝင်ရောက်လုပ်ကိုင်ရင် တရားစွဲဆိုခံရတဲ့အတွက် စားကျက်မြေနေရာကို ပြန်လည်ဖော်ထုတ်ပေးဖို့ ဆန္ဒပြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စားကျက်မှာ နွားကျောင်းတာကြောင့် ပုဒ်မ-၄၂၇/၄၄၇ တို့နဲ့ တရားစွဲဆိုခံထားရတဲ့ တပြေးကျေးရွာနေ မမာက “အခြားသူတွေ ကျွဲနွားကျောင်းတာတွေ ဖြတ်သန်းသွားတာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဆိုပါ လုပ်ပိုင်ခွင့်ရထားတဲ့ လုပ်ငန်းရှင်တွေက တရားစွဲဆိုမှုတွေ ပြုလုပ်နေတဲ့အတွက် တရားစွဲဆိုခံထားရတဲ့သူတွေ စုပေါင်းပြီးဆန္ဒဖော်ထုတ်ရတာဖြစ်တယ်”လို့ ပြောပါတယ်။
လက်ရှိ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၃၀ လောက်ရှိပြီး မိန်းကလေး ၁၅ ဦးလောက် တရားစွဲခံထားတယ်လို့ ပြောပါတယ်။
ဆန္ဒပြစဉ် 'စားကျက်မြေပေါ်မှာ စိုက်ပျိုးလုပ်ကိုင်နေမှုများ-အလိုမရှိ'၊ 'စားကျက်မြေကို ကျွဲနွားများ လွတ်လပ်စွာ အသုံးပြုနိုင်ရေး-ဒို့အရေး' စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး တပြေးကျေးရွာကနေ ထန်းတပင်မြို့တွင်းထိ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ စားကျက်မြေများကို ၁၉၉၄ ခုနှစ်လောက်ကတည်းက ပြည်ခိုင်ဖြိုးအသင်း၊ စစ်မှုထမ်းဟောင်း အသင်းတို့နဲ့ ဌာနဆိုင်ရာအချို့တို့က သိမ်းယူခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလကလည်း ဒေသခံ ၁၈ ဦးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တရားစွဲဆိုခံခဲ့ပါသေးတယ်။
သတင်း - သားကြီး(တောင်ငူ)