ဘီးတပ်လှည်းဖြင့်ခရီးရှည် ငြိမ်းချမ်းရေးလှုပ်ရှားသူများ နေပြည်တော်ရောက်ရှိ (ဓာတ်ပုံ)
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 27, 2017
ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ရထား (Wheel Chair) လှုပ်ရှားသူတွေဟာ ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်ကို ရောက်ရှိလာပါတယ်။
မြစ်ကြီးနားမြို့ကနေ စတင်ထွက်ခွာလာပြီး လမ်းတလျှောက် မြို့၊ ရွာ တွေကနေ ငြိမ်းချမ်းရေးလိုလားသူတွေရဲ့ လက်မှတ်တွေကို စုဆောင်းလာကာ လာမယ့် ပင်လုံညီလာခံမှာ တင်ပြဖို့အတွက် အခုလှုပ်ရှားမှု ပြုလုပ်ရတာဖြစ်တယ်လို့ အဖွဲ့ဦးဆောင်သူ ခဝဲခြံ မျက်မမြင်ကျောင်း - ကျောင်းအုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းလွင်က ပြောပါတယ်။
“ဒီစုဆောင်းလို့ရလာတဲ့ လက်မှတ်တွေကို ဒီအစိုးရကို ပေးဖို့လုပ်ထားတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးညီလာခံကို ပေးတဲ့အခါမှာ Original ကို အဲဒီကိုပေးမယ်။ Copy တွေကိုတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို ပေးမယ်။ လူထုရဲ့ဆန္ဒ ဒါပဲဆိုတာကို သိအောင်လို့ပေါ့”
ဖြတ်သန်းလာတဲ့ လမ်းတလျှောက်မှာ လက်မှတ်ရေးထိုးသူဦးရေ ၄ သောင်းကျော် ရရှိခဲ့တယ်လို့လည်း ဦးသိန်းလွင်က ပြောပါတယ်။
မြစ်ကြီးနားမြို့ကနေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ထွက်ခွာတာ ဖြစ်ပြီး အဲဒီလှုပ်ရှားမှုအဖွဲ့မှာတော့ ဘီးတပ်လှည်း (Wheel Chair) မောင်းတဲ့ ကိုယ်အင်္ဂါ မသန်စွမ်းသူ ၁၀ ဦး၊ တေးဂီတဖျော်ဖြေတင်ဆက်သူ (အမြင်အာရုံချို့တဲ့သူ) ၁၀ ဦး၊ ငြိမ်းချမ်းရေးအကြောင်း တင်ပြတဲ့ (နားမကြားသူ၊ မျက်မမြင်၊ ဉာဏ်ရည်မသန်စွမ်းသူ) သူ ၇ ဦးနဲ့ အခြား ငြိမ်းချမ်းရေး လိုလားသူတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အောင်ကိုကိုလတ်