အင်္ဂပူမြို့နယ်တွင် ဆိုင်ကယ်နှင့် ထွန်စက်မျက်နှာချင်းဆိုင်တိုက်၊ ၃ ဦးဒဏ်ရာရ
DVB
·
February 27, 2017
အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ ဟသာင်္တ-မြန်အောင်-ကြံခင်း အဝေးပြေးလမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ လယ်ယာသုံး ထွန်စက်တို့ မျက်နှာချင်းဆိုင်တိုက်မိတဲ့အတွက် ၃ ဦးဒဏ်ရာရပြီး ၁ ဦးဒဏ်ရာ ပြင်းထန်တယ်လို့ ထူးကြီးရဲစခန်းက သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးမြို့ အုတ်ရှစ်ကုန်းကျေးရွာ ဟသာင်္တ- မြန်အောင်-ကြံခင်း အဝေးပြေးလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၂၆ ရက် ည ၇ နာရီ ၁၅ မိနစ်လောက်က မဲဇလီကုန်းဘက်မှ ထူးကြီးဘက်သို့ မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ထူးကြီးကနေ မဲဇလီကုန်းသို့ မောင်းနင်းလာတဲ့ ဂွန်ဒေါင်းလယ်ယာသုံး ထွန်စက်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြတာပါ။
ထွန်စက်မောင်းနှင်သူနဲ့ ဆိုင်ကယ်မောင်းနှင်သူအပြင် ဆိုင်ကယ်နောက်မှာ စီးနင်းလိုက်ပါလာသူတို့ ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်နောက်စီးနင်းလာတဲ့ လူဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ထူးကြီးမြို့ ဆေးရုံကနေ ဟသာင်္တဆေးရုံသို့ ပို့ဆောင်ကုသထားတယ်လို့ ထူးကြီးရဲစခန်းက ပြောပါတယ်။
ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ထူးကြီး ရဲစခန်းက ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈ နှင့် ၂၇၉ အရ အမှုဖွင့်ထားတယ်လို့ ထူးကြီး ရဲစခန်း ခေတ္တစခန်းမှူး ဒုရဲအုပ် မျိုးစည်သူက ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်နေစဉ် အမည်မသိ ဆိုင်ကယ်သမား ၁ ဦးက မူးယစ်ရမ်းကားတာကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
သတင်း - သန်းထိုက်မြင့်