တောင်ကြီး-မိတ္ထီလာလမ်းမပေါ်တွင် တန်ဖိုး သိန်းပေါင်း ၆ သောင်းကျော် မူးယစ်ဆေးဝါးဖမ်းမိ
DVB
·
February 27, 2017
တောင်ကြီး-မိတ္ထီလာလမ်းမပေါ်၊ ဟဲဟိုးမြို့ အရှေ့တောင်ဘက် ၄ မိုင်အကွာ ဝေသန္တရာတံတား အနီးမှာ ဖေဖော်ဝါရီ ၂၆ ရက်က မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား သိန်း ၆၀ နဲ့ ၅ သောင်းပြား၊ ကာလတန်ဖိုး သိန်းပေါင်း ၆ သောင်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၅ နာရီအချိန်မှာ တောင်ကြီးမူးယစ်တပ်ဖွဲ့နဲ့ ဟဲဟိုးနယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေရာမှာ ယာဉ်မောင်း ကျော်ထွေးလှိုင် မောင်းနှင်လာတဲ့ CANTER ကားအဖြူရောင်နဲ့ တင်လာတဲ့ WY စိတ်ကြွဆေးပြားတွေကို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။
“မူးယစ်တပ်ဖွဲ့ တောင်ကြီးနဲ့ ဟဲဟိုးနယ်မြေခံ ရဲတပ်ဖွဲ့တို့က ပိတ်ဆို့ရှာဖွေတာ မနက် ၅ နာရီ အချိန်မှာ ယာဉ်မောင်း ကျော်ထွေးလှိုင် မောင်းနှင်လာတဲ့ ကားအဖြူရောင်၊ ဘေးက လိုက်ပါလာသူ စိုင်းသူရအောင်တို့ကို ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိတာ ဖြစ်တယ်။ အခု ဖမ်းမိသူကို စစ်ဆေးနေဆဲ ဖြစ်တယ်။ အမှုမဖွင့်ရသေးဘူး။ အမှုကြီးနဲ့ဖွင့်သွားမှာ ဖြစ်တယ်"လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးထွန်းဝင်းက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူဟာ စိုင်းသူရအောင် တောင်ကြီးမှာ နေထိုင်တာဖြစ်ပြီး၊ ယာဉ်မောင်းကျော်ထွေးလှိုင်က တောင်ကြီးမြို့နယ် အေးသာယာမှာ နေထိုင်ကြောင်း သိရပါတယ်။
သတင်း - ခွန်ရာဇာ