မုံရွာတွင် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအတွက် စက်ဘီးနင်းထောက်ခံပွဲပြုလုပ်
DVB
·
February 26, 2017
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ မြို့ခံတွေက စက်ဘီးနင်းပြီး ထောက်ခံပွဲပြုလုပ်ခဲ့ကြပါတယ်။
မုံရွာမြို့ရှိ ကားလေးကွင်းရှေ့မှာစတင်ကာ ဗိုလ်ချုပ်လမ်း၊ သာစည်လမ်း၊ ဆည်မြောင်းလမ်း၊ ကျောက္ကာလမ်းနဲ့ ကမ်းနားလမ်း တလျှောက်မှာ မြို့ခံအင်အား ၁၀၀ ကျော်က ပြုလုပ်ခဲ့ကြတာပါ။
စက်ဘီးစီး မြို့ခံအင်အားကိုတော့ လူမှုကွန်ရက်မှတဆင့် စုစည်းခဲ့တာဖြစ်ပြီး သက်ဆိုင်ရာကို ခွင့်ပြုမိန့်တင်ပြီး ထောက်ခံပွဲပြုလုပ်တာလို့ ဒေသခံသတင်းထောက်က ပြောပါတယ်။
မုံရွာမြို့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် လစ်လပ်သွားတဲ့နေရာကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်လည်ရွေးချယ်ရမှာလည်း ဖြစ်ပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တနိုင်ငံလုံးရှိ လွှတ်တော်ကိုယ်စားလှယ် ၁၉ နေရာမှာ အန်အယ်လ်ဒီပါတီက ၁၈ နေရာ ၀င်ရောက်ယှဉ်ပြိင်မှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - ရန်နိုင်စိုး