အန်စီအေသည် ပင်လုံအစားထိုးတာ မဟုတ်ပါဘူး – ဦးဇော်ဌေး

တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေဟာ ပင်လုံစာချုပ်ကို အစားထိုးတာ မဟုတ်ဘူးလို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၇ ခုရဲ့ ပန်ခမ်းကြေညာချက်မှာ အစိုးရက အန်စီအေကို ပင်လုံစာချုပ်နေရာ အစားထိုးဖို့ လုပ်နေတယ်လို့ ဖော်ပြခဲ့တာပါ။ ဒါ့အပြင် အန်စီအေကို သူတို့တပ်ဖွဲ့တွေ လက်မှတ်မထိုးဘူးလို့ ပန်ခမ်းကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ ပန်ခမ်းကြေညာချက်နဲ့ပတ်သက်ပြီး အစိုးရ သဘောထား ရပ်တည်ချက် သိနိုင်ဖို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။   မေး - ကျနော်တို့ မနေ့က ပန်ခမ်းက ကြေညာချက်ပေါ့နော်။ အန်စီအေမှာ မထိုးဘူး။ ၀ တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေးဆွေးနွေးပွဲသီးသန့်ပေါ့၊ လိုင်းတလိုင်းနဲ့ သွားမယ်ဆိုပြီး ထုတ်ပြန်ကြေညာလိုက်တယ်။ အဲဒီအပေါ်မှာ နည်းနည်း သုံးသပ်ပေးပါခင်ဗျ။ ဖြေ - အန်စီအေ မသွားဘူး။ အခုကျနော်တို့သွားနေတာက နိုင်ငံရေးဆွေးနွေးပွဲသွားတာက ကျနော်တို့ ငြိမ်းချမ်းရေးညီလာခံကနေ သွားတာပေါ့။ အဲတော့ ကျနော်တို့ တဖက်မှာ ခုနပြောတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ လျှော့ချရေးပေါ့။ တဖက်မှာ နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue) ဒီနှစ်ကြောင်းနဲ့ ကျနော်တို့က သွားနေတာဖြစ်တယ်။ အခုလက်ရှိအစိုးရ လက်ထက်မှာ မူဆယ်ကုန်သွယ်ရေးဇုန် ပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်စဉ်ပြီးတဲ့အချိန်မှာ NRPC ဥက္ကဋ္ဌအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထုတ်ထားတဲ့ ကြေညာချက် ရှိပါတယ်။ အဲဒီ ကြေညာချက်ကဘာလဲဆိုတော့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဖြေရှင်းခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီ အဖြေထွက်ဖို့ကို။ အဲဒီတော့ အဖြေထွက်ဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ သွားပြီးတော့ ညှိနှိုင်းပူးပေါင်း အဖြေရှာတာက တခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတဲ့ဟာကို ပြောထားတယ်။ အဲဒီကြေညာချက်ရဲ့ တိုက်တွန်းချက်မှာဆိုရင် ကျနော်တို့ ဘာပါလဲဆိုတော့ နံပါတ် (၁) ခုနပြောတဲ့ လက်နက်ကိုင် ပဋိပက္ခသည် အဖြေမထွက်၊ နိုင်ငံရေး စေ့စပ်ညှိနှိုင်းဆွေး နွေးမှုသာသည် အဖြေရနိုင်သည်ဆိုတဲ့ဟာပါ။ နံပါတ် (၂) အချက်က အန်စီအေ လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့တွေအနေနဲ့ ဒီပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ပါဝင်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အဖြေရှာဖို့ တိုက်တွန်းတယ်။ နံပါတ် (၃) အချက်ကတော့ ဒီ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ဆိုရင် လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် လိုအပ်ချက်ဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေးကိုသွားသင့်တယ်။ အဲဒီတော့ အန်စီအေ ရှိတဲ့အောက်ကို ၀င်လာပါဆိုပြီးတော့ ဖိတ်ခေါ်တယ်။ ဒီသုံးချက်နဲ့ ကျနော်တို့ ထုတ်ပြန်ကြေညာချက် ထုတ်ပြန် ထားတာဖြစ်ပါတယ်။ ဒါကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌအနေနဲ့ရော၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ရော မူဝါဒကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီကြားမှာလည်း ကျနော်တို့ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ ပင်လုံအခမ်းအနားမှာလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒါကိုတိုက်တွန်းသွားတယ်။ အန်စီအေ ထိုးပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်ဖို့ဆိုတဲ့ အဓိက မက်စ်ဆေ့ကို ပြောသွားတာဖြစ်ပါတယ်။ မေး - အခုတော့ မြောက်ပိုင်းတပ်ဖွဲ့တွေ အပါအ၀င်ပေါ့နော်။ ၀ ဦးဆောင်မှုနဲ့ သူတို့သွား မယ့်လမ်းက အန်စီအေလမ်းမဟုတ်ဘူး။ အန်စီအေကို သူတို့ ဆန့်ကျင်လိုက်ပြီ။ ကျော ခိုင်းလိုက်ပြီပေါ့။ တခြားနည်းလမ်းနဲ့ သွားမယ်။ တခြားနည်းလမ်းနဲ့ ဆွေးနွေးမယ်လို့ ပြောလိုက်တယ်။ အဲဒီတော့ အစိုးရဘက်က ဘယ်လိုသဘောထားရှိပါလဲခင်ဗျ။ ဖြေ - ဒါကတော့ ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ကြေညာချက်အတိုင်းပဲ။ ကျနော်တို့ ငြိမ်းချမ်းရေးတံခါးကတော့ အမြဲတမ်းဖွင့်ထားတယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နည်းလမ်းကိုပဲ ကျနော်တို့က ပိုပြီးတော့ တိုက်တွန်းထားတယ်။ ဒီရက် ဒီအချိန်ခါထိ မပြောင်းပါဘူး။ နည်းလမ်းပိုင်းမှာတော့ ကျနော်တို့ အန်စီအေ လမ်းကြောင်းကနေ သွားနေတာက နိုင်ငံရေးဆွေးနွေးပွဲကို သွားနေတာဖြစ်တယ်။ အဲဒီတော့ အန်စီအေသည် အခု အမျိုးမျိုးပြောနေကြတယ်ပေါ့နော်။ ပင်လုံကို အစားထိုးတယ် ဘာညာဆိုပြီးတော့ ယူဆတာတွေလည်း ရှိတယ်။ နောက်တခုက အန်စီအေသည် ပါဝင်ညှိနှိုင်းခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးက သဘောတူတာ မဟုတ်ဘူးဆိုတဲ့ ပြန်ငြင်းချက်ထုတ်နေတာလည်း တွေ့ရတယ်ပေါ့နော်။ အဲဒီမှာ ကျနော်တို့က နှစ်ပိုင်းရှိပါတယ်။ နံပါတ် (၁) အန်စီအေ သည် ပင်လုံအစားထိုးခြင်း ဟုတ်မဟုတ်ပေါ့။ အမှန်တော့ အန်စီအေသည် ပင်လုံအစားထိုးတာ မဟုတ်ပါဘူး။ ပင်လုံသဘောတူ စာချုပ်နဲ့ ပတ်သက်တဲ့ဟာတွေနဲ့ ပတ်သက်လို့ ပြောကြမယ်ဆိုရင် အများကြီး ပြောဆိုချက်တွေ ယူဆချက်တွေရှိတယ်။ အဲဒီတော့ ဒီခေတ် ၂၁ အခြေ အနေနဲ့ ကိုက်ညီတဲ့ သဘောထားကို ကျနော်တို့ ထုတ်ပြန်ထားတာရှိပါတယ်။ အဲဒါဘာ လဲဆိုတော့ ကျနော်တို့ ၂၀ ရာစု ပင်လုံစာချုပ်သည် ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ် ရေးရဖို့အတွက် အားလုံးစုပေါင်းလုပ်ဆောင်ကြမယ်၊ အားလုံးပူးပေါင်းပြီး လက်တွဲသွားမယ်ဆိုတဲ့ သူ့ရဲ့သဘောတရားကို ရယူထားတာဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံမှာကျရင် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ကျနော်တို့နိုင်ငံ ငြိမ်းချမ်းဖို့အတွက် အားလုံးပူး ပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ ၂၀ ရာစုအနေအထားနဲ့ သဘောတရားကိုယူပြီးတော့ ၂၁ ရာစုပင်လုံဆိုပြီးတော့ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ သဘောတရားကို ပြောတာဖြစ်တယ်။ ဒီသဘောတရားကို အကောင်အထည်ဖော်တဲ့ အခါမှာ ကျနော်တို့ နှစ်လမ်းသွားနဲ့ ခုနပြောတဲ့အတိုင်းသွားတယ်။ ကျနော်တို့ တဖက်မှာ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းတယ်။ တဖက်မှာ နိုင်ငံရေးဆွေးနွေးပွဲနဲ့ သွားတယ်။ အဲဒီမှာ အခြေအနေမတူတာက ကျနော်တို့ အစိုးရသစ်လက်ထက်မှာ ရင်ဆိုင် ရတာကတော့ အန်စီအေ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးသား လက်နက်ကိုင်အဖွဲ့က ၈ ဖွဲ့ရှိတယ်။ ကျန်တဲ့အဖွဲ့ ၇ ဖွဲ့ ၊ ၈ ဖွဲ့ သုံးဖွဲ့ပေါ့နော်။ ဒီအနေအထားတွေက လက်မှတ်မထိုးဘဲနဲ့ ကျန်ရစ်ခဲ့တာတွေ ဖြစ်တယ်။ ၀ နဲ့ မိုင်းလားကတော့ မူလကတည်းက ဒီလမ်းကြောင်းကို သူတို့က ၀င်ရောက်ပါဝင်ခြင်း မရှိခဲ့ဘူး။ ကျန်တဲ့ ယူအန်အက်ဖ်စီ ထဲက တော်တော်များများသည် ဒီ အန်စီအေ ကြေညာချက် ရဖို့အတွက် ဆောင်ရွက်ခဲ့တယ်။ အစိုးရနဲ့ ညှိနှိုင်းခဲ့တယ်။ အဲဒီတုန်းကတော့ ကျနော် တို့ အန်စီစီတီဆိုပြီးတော့ ဖွဲ့တယ်။ ဖွဲ့ပြီးတာနဲ့ အက်ဖ်တီ ဆိုပြီး ထပ်ဆင့်ဖွဲ့တယ်။ အဲဒီမှာ ကနော်တို့ ညှိနှိုင်းပြီးတော့ ဆွေးနွေးခဲ့တာဖြစ်တယ်။ လက်မှတ်ထိုးတဲ့အခါမှာ နှစ်ဖွဲ့ ကွဲသွားတယ်ပေါ့နော်။ အဲဒီအနေအထားမှာ အစိုးရသစ်လက်ထက် စတင်ဆောင်ရွက်တဲ့အချိန်မှာ လက်မှတ်ထိုးပြီးသားအဖွဲ့ရှိတယ်။ လက်မှတ်မထိုးရသေးတာ တဖွဲ့ရှိတယ်။ အန်စီအေကို လုံးဝလက်မခံဘဲ နှစ်ဖက်သဘောတူညီချက် လမ်းကြောင်းနဲ့ သွားမယ်ဆိုတဲ့အဖွဲ့က နှစ်ဖွဲ့ရှိတယ်။ ဒီအနေအထားနဲ့ သွားတဲ့အခါမှာ ကျနော်တို့ နှစ်ဖွဲ့ခွဲပြီးတော့ ဆောင်ရွက် ခဲ့တာဖြစ်တယ်။ အဲတော့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ နိုင်ငံရေး အဖြေရှာမယ်ဆိုပြီးတော့ ကျနော်တို့ စပြီးတော့ စီမံချက်ချမှတ်လိုက်တာဖြစ်တယ်။ ချမှတ်တဲ့အခါမှာ ဆပ်ကော်မတီ (၁)၊ ဆပ်ကော်မတီ (၂) ဆိုပြီးတော့ လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ ကျနော်တို့ အဓိကအားဖြင့် နိုင်ငံရေးမူဘောင် ကိုသွားဖို့အတွက် ကျနော်တို့ ဆွေးနွေးပါတယ်။ ပြီးရင် လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတွေခိုင်မာအောင် ဆိုပြီး ကျနော်တို့ သွားထားတာရှိပါတယ်။ တဖက်မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ နဲ့ ဆွေးနွေးညှိနှိုင်းမှုဆိုပြီးတော့ ထပ်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်။ အဲလိုဆောင် ရွက်လာရာကနေပြီးတော့ အဓိကအားဖြင့် ကျနော်တို့ ယူအန်အက်ဖ်စီ ပေါ့နော်။ သူတို့ရဲ့ တောင်းဆိုချက် ၈ ချက်ပေါ့။ ဒါတွေ သဘောတူရင် လက်မှတ်ထိုးပါမယ်ဆိုတဲ့ တချက် နဲ့ပေါင်းရင်းတော့ ၉ ချက်ဖြစ်ပါတယ်။ ဒီ ၉ချက်ကို ဆွေးနွေးနေတာလည်း ကြာပါပြီ။ အဲဒီအပိုင်းမှာ ကျနော်တို့ အဓိကအားဖြင့် အန်စီအေပဲပြောပြော ဘာပဲပြောပြော အပစ်အခတ်ရပ်စဲရေးပေါ့။ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲတဲ့အခါမှာ လက်မှတ်ထိုးရုံတင် မကဘူး။ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ တဖက်ဖက်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ၊ ဒီယန္တရားခိုင်မာအောင် ဘယ်လိုလုပ်ကြမလဲဆို တဲ့ဟာကို အလေးပေးပြီး ဆွေးနွေးခဲ့ပါတယ်။ ယူအန်အက်ဖ်စီ ကိုယ်စားလှယ်ကလည်း ဒါမျိုးတွေကို အလေးပေး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အဲတော့ လောလောဆယ် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲကို သွားမှာသည် ၂၁ ပင်လုံ ညီလာခံဖြစ်တယ်။ အဲဒီ အပစ်အခတ်ရပ်စဲရေးကိုသွားတာသည် ညှိနှိုင်းတဲ့အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ကျန်ာတို့ ပစ်ခတ်တိုက်ခိုက်မှုတွေ လျှော့ချနိုင်အောင်ဆိုတဲ့ သဘောလည်း ပါပါတယ်။ အဲဒီမှာ ကျနော်တို့ အန်စီအေ ထိုးပြီးသားအဖွဲ့တွေနဲ့ ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါမှာ အန်စီအေ လက်မှတ်ရေးထိုးပြီးတဲ့အဖွဲ့တွေနဲ့ အရင်တုန်းက မထိုးရခင်အခြေအနေနဲ့ ပြန်ပြီးနှိုင်းယှဉ်တဲ့အခါမှာ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှု ပဋိပက္ခပေါင်း ၈၀ ကျော် ၉၀ လောက်အထိ လျှော့ချနိုင်ခဲ့တယ်ဆိုတဲ့ အနေအထား တွေ့ရပါတယ်။ တွေ့ရတော့ တဖက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းခြင်း မလုပ်နိုင်သေးခင် အချိန်ကာလမှာတော့ ဒီတပ်မြေက တပ်ဖွဲ့တွေ သွားလာခွင့် အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက် ကြားမှာ တင်းမာမှုလေးတွေရှိခဲ့ တယ်။ တဖွဲ့နဲ့တဖွဲ့ ငြိစွန်းမှုတွေရှိခဲ့တယ်။ အဲဒီ ငြိခဲ့တဲ့အခါမှာလည်း ကျနော်တို့ ဂျေအမ်စီ လို့ခေါ်တဲ့ ပစ်ခတ်တိုက်ခိုက်ရေး စောင့်ကြည့်ပူးတွဲ ကော်မတီကနေပြီးတော့ ကြားဝင် ညှိနှိုင်းခဲ့တာတွေရှိပါတယ်။ဂျေအမ်စီ မှာဆိုရင် အရပ်ဘက် ကိုယ်စားလှယ်တွေ ပါပါတယ်။ ဒါကကျတော့ သူက ပြည်ထောင်စုအဆင့်ကနေပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ် နောက်ဆုံး ခရိုင်မြို့နယ်အဆင့်အထိ သွားတာဖြစ်တဲ့အတွက် တဖက်မှာလည်း ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် ခိုင်မာ အောင်လုပ်တဲ့ ယန္တရားက တည်ဆောက်ဆဲဖြစ်ပါတယ်။ ဒီအနေအထားမှာ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ သူတို့ရဲ့ အကြံဥာဏ်တွေ ရယူပြီးတော့ ယန္တရားကို ပိုမိုခိုင် မာအောင်လည်း ညှိနှိုင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။ အထူးသဖြင့် ဂျေအမ်စီကနေ ပြီးတော့ ဒီဒီအန်ကို ရှင်းလင်းပြီးတော့ အသိအမြင် ဖလှယ်တာတွေလည်း ရှိပါတယ်။ နောက်ဆုံး ပြန်ချုပ်လိုက်မယ်ဆိုရင် ကျနော်တို့အခု ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရနဲ့ ဒီလိုလက်တွဲပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသွားနေတဲ့ အဖွဲ့တွေရှိတယ်။ တဖက်မှာလည်း အန်စီအေကို ညှိနှိုင်းနေတဲ့ အဖွဲ့တွေရှိတယ်။ နောက်တခြားဘက်မှာ လည်း အန်စီအေကို လုံးဝလက်မခံဘဲနဲ့ နှစ်ဘက်သဘောတူညီချက် သုံးဆင့် လမ်းပြမြေပုံနဲ့ သွားမယ်ဆိုပြီး တော့ ဒီသုံးခြမ်းကွဲသွားတာ ရှိပါတယ်။ အဲဒီအနေအထားမှာ ကျနော်တို့က လောလောဆယ် ညှိနှိုင်းနေတဲ့အနေအထားမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မူဝါဒကတော့ အဲဒီအတိုင်း ကျနော်တို့ မူလက ကြေညာထားတာ ဖြစ်ပါတယ်။ မေး - ဟုတ်ကဲ့ သူတို့ရဲ့ ကြေညာချက်မှာလည်း ဒီတိုက်မယ် ခိုက်မယ်ဆိုတဲ့ အပိုင်းတော့ မပါပါဘူး။ သူတို့ကလည်း ၀ ဦးဆောင်မှုနဲ့ နိုင်ငံရေးဆွေးနွေးဖို့ အဖွဲ့လေး တဖွဲ့ဖွဲ့ပြီးတော့ ဆက်ဆွေးနွေးမယ်လို့ ပါပါတယ်ဗျ။ ဆွေးနွေးမယ့် အခြေခံမူတော့ ရှိသေးတာပေါ့နော်။ အဲဒီအပေါ်မှာရော ဖြစ်လာနိုင်လား။ ဖြေ - ဖြစ်လာနိုင်လားဆိုတော့ ကျနော်တို့ လက်ရှိအစိုးရရဲ့ မူဝါဒသည် တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းနဲ့ ဆက်စပ်တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံးကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးတော့ အဖြေရှာဖို့လည်း သိန္နိဋ္ဌာန်ချထားတဲ့ မူဝါဒရှိပါတယ်။ ကျနော်တို့ အခုလက်ရှိ အနေအထားမှာ အန်စီအေကို လက်မခံဘူး။ တဖက်မှာ အန်စီအေထိုးပြီးသား အဖွဲ့တွေနဲ့ ကျနော်တို့ သွားနေတဲ့ ၂၁ ပင်လုံလမ်းကြောင်းရှိတယ် ပေါ့နော်။ ဒီအနေအထားမှာ အန်စီအေကို လက်မခံဘူးဆိုတာသည် ကျနောတို့ ဒီဘက်က သွားနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ လမ်းကြောင်း ကို မလိုက်ဘူးဆိုတဲ့ သဘောသက်ရောက်နေတယ်လို့ ယူဆရပါတယ်။ ဒီနေရာကတော့ ကျနော်တို့က ဘာလဲဆိုတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ သဘောဖြစ်တယ်။ အဲဒီတော့ ကျနော်တို့အားလုံး သဘောတူညီချက်လုပ်ထားတာ သည် ကျနော်တို့ ဒီဘက်မှာ ဘာလဲဆိုတော့ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေ အပါအ၀င် သုံးပွင့်ဆိုင်နဲ့ ကျနောတို့ သွားနေတာဖြစ်တယ်။ အဲဒါက ဘယ်အထိလဲဆို တော့ ကျနော်တို့ လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်။ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့ ပြည်ထောင်စု သဘောတူညီချက် ထွက်ပေါ်လာတဲ့ အခါမှာ ကျနော်တို့ ထွက်ပေါ်လာတဲ့ သဘောတူညီချက်တွေအတိုင်း ဥပဒေတွေ ပြင်တာ ဆင်တာတွေလုပ်မယ်။ အဲဒီမှာ အရေးကြီးတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထိပါ ကတိက၀တ်အားလုံးပြုထားတာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး အစဉ်တစိုက် ပြောဆိုနေတာသည် ကျနော်တို့ နိုင်ငံရေး ပြဿနာဖြစ်တယ်။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်။ ဒါက နံပါတ် (၁)၊ နံပါတ် (၂) အချက်က တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီဟာကို မရလို့ အခုလို ပဋိပက္ခတွေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ရှိတယ်။ နံပါတ် (၃) အချက်က ဒီတန်းတူ ညီမျှ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်း၊ နောက်ဆုံး သူ့ရဲ့ လမ်းကြောင်းက ဘာလဲဆိုတော့ ကျနော်တို့နိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု အနေနဲ့ တည်ဆောက်မှသာ ရမယ်ဆိုတဲ့ ဒီသုံးချက်ကို သွားတာဖြစ်ပါတယ်။ ဒီသုံးချက်ကိုသွား တဲ့အခါမှာ ကျနော်တို့ လက်တွေ့လည်းကျရမယ်။ အလုပ်လည်းဖြစ်ရယ်။ အထူးသဖြင့် ဒီမြန်မာနိုင်ငံ အခုနိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့ ကီးပလေရာတွေထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ နောက်ဆုံးတော့ သွားပြီးတိုက်ရိုက် ပတ်သက်နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ် စနစ်ကိုသွားမယ်ဆိုရင် ကျနော်တို့ရဲ့မူလ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကျနော်တို့သွားရမှာ ဖြစ်ပါတယ်။ အားလုံး သဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ကျနော်တို့က ရရှိပြီဆိုရင် အားလုံး ဘုံသဘောတူညီချက်ရရှိရင် ဖွဲ့စည်းပုံအခြေခံ ပြင်ကိုပြင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းမှာ ပါတဲ့အတိုင်းပဲ ပြင်ဆင်လို့ရပါမယ်။ အဲဒီတော့ မူလကတည်းကအတိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ယခင်က လုပ်ခဲ့တာတွေရှိပါတယ်။ ကြိုးပမ်းခဲ့တာတွေ ရှိပါတယ်။ တချို့သော နိုင်ငံရေး အင်အားစုတွေ ကြိုးပမ်းနေတာတွေ ရှိပါတယ်။ ကြိုးပမ်းခဲ့တာလည်း ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲမယ်ဆိုတဲ့အခါမှာ အဲလိုမျိုး ကြိုးပမ်းခဲ့တာတွေလည်း နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းက လက်တွေ့ကျမယ် အလုပ်ဖြစ်မယ်ဆိုတဲ့ သဘောနဲ့ ပူပေါင်းပါဝင်လာ တာဖြစ်ပါတယ်။ အဲတော့ ကျနော်တို့ ယူဆချက်က ဘာလဲဆိုတော့ ဒီ အန်စီအေ လမ်းကြောင်းနဲ့ သွားတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အားလုံးလိုလားတဲ့ ဖက်ဒရယ် စနစ်ကို ရရှိနိုင်မလး တည်ဆောက်နိုင်မလားဆိုတာ တပိုင်းပေါ့။ ကျနော် တို့ ၂၁ ပင်လုံ လမ်းကြောင်းနဲ့ သွားနေတာတွေသည် အားလုံးမျှော်မှန်းတဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တိုင်းရင်းသားအခွင့်အရေး ဒါတွေကို အာမခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်လာမလားဆိုတာ ဒီလမ်းကြောင်းနှစ်ကြောင်း သွားပြီးတွေ့ရမှာဖြစ်ပါ တယ်။ အခုလောလောဆယ် လက်ရှိအစိုးရ မူဝါဒအရ သွားနေတဲ့လမ်းကြောင်းကတော့ ၂၁ ပင်လုံ ညီလာခံအတိုင်းသွားမယ်။ ခုနပြောတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်။ အဲဒီကနေပြီးတော့ တိုင်းရင်းသား တန်းတူရေး၊ ကိယ်ပိုင်ပြဋ္ဌာန်းခွင့် တိုင်းရင်းသား အခွင့်အရေးဆိုတဲ့ အချက်အလက်တွေကို အာမခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တခု ပေါ်ပေါက်ဖို့ ဒီဟာကို သွားနေတာဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က ဘယ်နည်း လမ်းက ပိုပြီးတော့ လက်တွေ့ကျမယ်၊ ဘယ်နည်းလမ်းက အလုပ်ဖြစ်မယ်၊ ဘယ်နည်း လမ်းက ကျနော်တို့ တိုင်းရင်းသားအားလုံးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဒီဖက်ဒရယ်ကို အကောင်းဆုံး ဖြစ်မလဲဆိုတာ လက်ရှိဒီနေ့ ခေါင်းဆောင်တွေ အလေးအနက်ထားပြီး စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ မေး - နောက်ဆုံးအနေနဲ့ ဦးဇော်ဌေး လာမယ့် မတ်လဆန်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီဘက်က ယူအန်အက်ဖ်စီ နဲ့ ဒီပီအန် အဖွဲ့တွေ တွေ့ဖို့ရှိတယ်။ အခု ပန်ခမ်းကြေညာချက်ကြောင့် တွေ့ဆုံပွဲ ပျက်သွားဖို့ရှိလား၊ တွေ့ဆုံပွဲ ဆက်ရှိနေ မလားဗျ။ ဖြေ - တွေ့ဆုံပွဲကတော့ ပျက်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ မတ်လ ၁ ရက်နေ့ ဖိတ်ခေါ်ထားပါတယ်။ အဲဒီ မတ်လ ၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ဒီပီအန်နဲ့ တွေ့ပါမယ်။ ဒီပီအန်နဲ့ တွေ့တဲ့အခါမှာ ဒီပီအန်ရဲ့ မူဝါဒပိုင်းဆိုင်ရာတွေ အပြန်အလှန် ဖလှယ်မယ်၊ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွေးနွေးမယ်ဆိုတာက စေ့စပ်ညှိနှိုင်းတာမဟုတ်ဘူး။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံပြီးမှ ဒီပီအန်နဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဒီပီအန်နဲ့တွေ့တဲ့အခါမှာ မူလ သူတို့တောင်းဆိုထားတဲ့ အချက် ၈ ချက်၊ အန်စီအေ လက်မှတ်ထိုးပါမယ်ဆိုတဲ့ တချက် ပေါင်းရင် အားလုံး ၉ ချက်ရှိပါတယ်။ ဒီ ၉ ချက်ကို သူ့ဘက်ကိုယ့်ဘက် ကျနော်တို့ စေ့စပ်ညှိနှိုင်း ဒါက တကယ့်စေ့စပ်ညှိနှိုင်းတဲ့ပွဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up