ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်မရပ်တပ်ဖွဲ့များ ဆွေးနွေးပွဲ မပျက်ဟု ဦးဇော်ဌေးပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ယူအန်အက်ဖ်စီ ခေါင်းဆောင်တို့ ပြီးခဲ့တဲ့ ဇူလိုင် တွေ့ဆုံခဲ့စဉ်က
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲအဖွဲ့ ဒီပီအန်တို့ မတ်လဆန်း တွေ့ဆုံဆွေးနွေးပွဲ ဖျက်ဖို့ မရှိဘူးလို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကပြောပါတယ်။ အပစ်မရပ်တပ်ဖွဲ့တို့ရဲ့ ပန်ခမ်းစည်းဝေးပွဲက အန်စီအေမှာ လက်မှတ်မထိုးဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဒီအဖွဲ့ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ တွေ့မယ့် အစီအစဉ်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ သမ္မတရုံးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “တွေ့ဆုံပွဲက ပျက်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ မတ်လ ၁ ရက်နေ့ ဖိတ်ခေါ်ထားပါတယ်။ အဲ့ဒီ မတ်လ ၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီပီအန် တွေ့ပါမယ်။ ဒီပီအန်နဲ့ တွေ့တဲ့အခါမှာ အဓိကအားဖြင့် မူဝါဒပိုင်းဆိုင်ရာတွေ အပြန်အလှန် ဖလှယ်မယ်၊ ဆွေးနွေးမှာ ဖြစ်ပါတယ်။” စေ့စပ်ညှိနှိုင်းတာတော့ မလုပ်ဘူးလို့လည်း သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီပီအန်တို့ တွေ့ဆုံဆွေးနွေးကြပြီးရင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီပီအန်တို့ ဆက်လက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီပီအန်အဖွဲ့ဘက်က အစိုးရက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရေး အပါအ၀င် အချက် ၈ ချက် တောင်းဆိုထားပြီး အဲ့ဒီအချက်တွေ ဆွေးနွေးညှိနှိုင်းလို့ အဆင်ပြေရင် အန်စီအေမှာ လက်မှတ်ထိုးမယ်လို့ ကနဦးက ပြောဆိုထားပါတယ်။ ဒါပေမယ့် အဲ့ဒီ ဒီပီအန်အဖွဲ့ဝင်တွေ အများစုပါတဲ့ ပန်ခမ်းစည်းဝေးကြေညာချက်ထဲမှာတော့ အန်စီအေကို လက်မှတ်မထိုးဘူးလို့ ပြောဆိုထားပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up