ပေ ၁၆၀၀ အမြင့် တောင်ကမ်းပါးယံပေါ်က မိုက်ရူးရဲဆန်သည့် ဂီတဖျော်ဖြေပွဲ

ဗင်နီဇွဲလားနိုင်ငံက ရဲရင့်တဲ့ ဂီတအနုပညာရှင် လေးဦးဟာ မြင့်မားတဲ့ တောင်ကမ်းပါးယံကို ခက်ခက်ခဲခဲ တွယ်တက်ပြီး တောင်ကမ်းပါးယံက အစွန်းထွက်နေတဲ့ နေရာကျဉ်းကျဉ်းလေးမှာ တေးဂီတ တီးမှုတ်နေတဲ့ ဇာတ်လမ်းဇာတ်ကွက်ဆန်ဆန် ဓာတ်ပုံတွေကို မေရာရဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့သတင်းမှာ တွေ့ရပါတယ်။ စွန့်စားတဲ့ ဂီတအနုပညာရှင်အုပ်စုဟာ ဗင်နီဇွဲလားနိုင်ငံ ဘိုလီဗာပြည်နယ်ရှိ ထူထပ်တဲ့သစ်တောကို ဖြတ်ပြီး တောင်ကမ်းပါးယံကို ၆ ပတ်ကြာအောင် တက်ခဲ့တာပါ။ ကမ်းပါးယံအမြင့် ၁၆၄၀ ပေအထိ တက်ခဲ့ကာ တောင်ကမ်းပါးအစွန်းထွက်နေတဲ့ နေရာကျဉ်းကျဉ်းလေးမှာ စခန်းချခဲ့ကြတာလို့ ဆိုပါတယ်။ အုပ်စုဝင်တွေကို ခရီးသွားစဉ်အတွင်း ဂီတ တီးမှုတ်တဲ့ မိုက်ရူးရဲဆန်တဲ့ အုပ်စုလို့ အဓိပ္ပာယ်ရတဲ့ “Jungle Jamming” ခရီးသွားတွေလို့ နာမည်ပေးထားပါတယ်။ ဂီတပညာရှင် ခရီးသွားအုပ်စုဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အခက်ခဲဆုံးနေရာတစ်ချို့ကို သွားရောက်ခဲ့ပြီး အခုတစ်ကြိမ် သူတို့ရဲ့ ခရီးလမ်းအသစ်အနေနဲ့ အင်မတန်မှ ပင်ပန်းခက်ခဲလှတဲ့ Amuri Tepui တောင်ကမ်းပါးယံကို တက်ရောက်ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့လို့ ဓာတ်ပုံဆရာ ဂျီးန်လူဝီဝါ့ဇ် အသက် ၃၉ နှစ်က ဒီအုပ်စုရဲ့ ခရီးကို မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့တာပါ။ “ကျနော်တို့သိတာက ဒီတောင်ကမ်းပါးယံက ကမ္ဘာ့အခက်အခဲဆုံး တောင်ကမ်းပါးယံတွေထဲက တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် ကျနော်တို့ ဒီကမ်းပါးယံကို ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့” မစ်စတာဝါ့ဇ်က ပြောပါတယ်။ “၃၀၀ ကီလိုဂရမ်လေးတဲ့ တောင်တက်ဖို့ အထောက်အကူပစ္စည်းတွေ သယ်ဖို့ စတာတွေအတွက် ဒေသခံတွေက ကူညီပေးပါတယ်။ ကျနော်တို့က အလွန့်အလွန်ကို ခက်ခဲတဲ့ Amuri Tepui တောင်ကမ်းပါးယံပေါ်က လမ်းအသစ် ၂ ခုကို စဖောက်လိုက်တယ်၊ လမ်းတစ်ခုစီက ကမ်းပါးယံအစွန်းကျဉ်းပေါ်မှာ ၁၀ ရက်ကျော်ကျော် နေဖို့ စီစဉ်လိုက်တယ်” လို့ ဝါ့ဇ်က ပြောပါတယ်။ ဂစ်တာ ပုလွေနဲ့ ဒရမ်တွေအပါအဝင် သူတို့ရဲ့ တူရိယာတွေနဲ့အတူ လေးယောက်အုပ်စုက စခန်းချခဲ့ပါတယ်။ ဓာတ်ပုံဆရာ မစ်စတာဝါ့ဇ်က သူနဲ့သူ့သူငယ်ချင်းတွေလည်း နောင်လာမယ့် ခက်ခဲတဲ့တောင်တက်ခရီးတွေမှာ ပါဝင်မယ်လို့ ပြောပါတယ်။ “ဒီလိုတစ်သီးတစ်ခြား ဖြစ်နေတဲ့ နေရာမှာ ရှိနေရတာ တကယ်ကို အရမ်းကောင်းသလို ခံစားရတယ် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရပ်တည်ရမလဲဆိုတာ သင်ယူဖြစ်တယ် ဆိုလိုတာက ကိုယ့်ရဲ့လုပ်ရပ်အတွက် ကိုယ့်ဘာသာပဲ တာဝန်ယူရတယ်။” “ဒီတောင်တက်ခရီးအတွင်း မှတ်တမ်းဓါတ်ပုံရိုက်ရတာက ကျနော့်အတွက် တကယ့်ကို ထိလွယ်ရှလွယ်ပါ၊ ဘာလို့လဲဆိုတော့ အင်မတန်ကို မက်စောက်တဲ့ ကျောက်သားတောင်ကမ်းပါးယံဖြစ်နေလို့လေ” လို့ ဝါ့ဒ်ဇ်က ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up