ဆည်မြောင်းကားက အရှိန်လွန်ပြီး လူနေအိမ်နှင့်ဆိုင်ကယ်များကို တိုက်
DVB
·
February 25, 2017
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်ရဲစခန်းအပိုင်း မှတ်တိုင်ကျေးရွာအုပ်စု ကံ ကျေးရွာ ဟသာင်္တ-ကွင်းကောက် ကားလမ်း မိုင်တိုင်အမှတ် ၄/၂ နဲ့ ၄/၃ ကြားမှာ ဆည်မြောင်းကားတစီးက အရှိန်လွန်ပြီး လမ်းဘေးလူနေအိမ်နဲ့ဆိုင်ကယ်တွေကို တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ နေ့လယ်ပိုင်းလောက်က လူနေအိမ်နှစ်လုံးနဲ့ ရပ်ထားတဲ့ ဆိုင်ကယ်လေးစီးတို့ကို ဟသာင်္တဘက်ကနေ မောင်းနင်းလာသော DF 315 ဆည်မြောင်းဌာနပိုင် ကားက အရှိန်လွန်ပြီး ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
"ဆည်မြောင်းကားက လူနေအိမ်တလုံးကို အရင်တိုက်ပြီး နောက်အိမ်တလုံးမှာ ရပ်ထားတဲ့ တရုတ်ဆိုင်ကယ် လေးစီးကို တိုက်ပြီး အိမ်ရဲ့အရှေ့ဘက်ခြမ်းကို ဖြတ်တိုက်တာပါ။ လူတွေကတော့ တစုံတရာမထိခိုက်ဘူးလို့" မျက်မြင်သက်သေ ကိုအောင်သန်းဌေးက ပြောပါတယ်။
ခုဖြစ်စဉ်မှာ ယာဉ်မောင်း သော်စည်သူကို ယာဉ်ပ (၄) ရာဇာသတ်ကြီး ဥပဒေပုဒ်မ မော်တော်ယာဉ် မဆင်မခြင် မောင်းနှင်မှု (၂၇၉) နဲ့ အကျိုးဖျက်ဆီးမှု ၄၂၇ နဲ့ အမှုဖွင့်ပြီး ရဲလုပ်ငန်း လုပ်ဆောင်နေတယ်လို့ ကွင်းကောက် ရဲစခန်းက စခန်းမှူး ရဲအုပ် ကျော်မင်းသိမ်းက ဒီဗွီဘီကို ပြောပါတယ်။
“ပျက်စီးဆုံးရှုံးမှုတွေကို အတိအကျ မသိရသေးပါဘူး။ ဒေသခံတွေက ဒီလမ်းမှာ ကားတွေ အရှိန်အရမ်းများများနဲ့မောင်းနှင်နေကြပါတယ်။ ခု လမ်းမဟာ လူနေအိမ်တွေ လမ်းဘေးဝဲယာမှာ ရှိတဲ့ အတွက် ကားမောင်းနှင်သူတွေကို အရှိန်လျော့ပြီး မောင်းနှင်စေချင်တယ်” လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - သန်းထိုက်မြင့်