ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိရုပ်ရှင်ဇာတ်ကား ပါဝင်ကူညီချင်သူများပြား
DVB
·
December 25, 2011
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထ္တုပတ္တိရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရဖို့ အနုပညာရှင်တွေတင်မက ပြည်သူတချို့ကပါ စိတ်အားထက်သန်နေကြပြီး နိုင်ငံတကာမှာရှိတဲ့ ပညာရှင်တချို့ကလည်း ပါဝင်ကူညီဖို့ ကမ်းလှမ်းထားကြတယ်လို့ ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီဝင် ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူရှင်က ပြောပါတယ်။
“အနုပညာရှင် မပြောနဲ့ အပြင်လောကလူတွေတောင် ဖုန်းဆက်ပြီး ပြောကြတယ်။ ဖြတ်လျှောက်ပဲ ပါရပါရ၊ ဗိုလ်ချုပ်မိန့်ခွန်းပြောတဲ့ အခန်းမှာ လာနားထောင်ရတဲ့နေရာပဲ ပါရပါရပေါ့။ ပြောရမယ်ဆိုရင် အနုပညာ လောကတင် မကဘူး။ တတိုင်းပြည်လုံးက လူတွေကအစ အရမ်းကို စိတ်ဝင်စားကြတယ်။ နိုင်ငံတကာက ပညာရှင်တော်တော်များများကလည်း ကမ်းလှမ်းတယ်။ အဲဒါကြောင့်လည်း အမေစုက ကျမတို့ကို နည်းပညာဆိုင်ရာ ကော်မတီဖွဲ့ခိုင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အနေနဲ့ သူတို့ကို တောင်းဆိုဖို့ကို ကိုယ့်ဆီကလူတွေက နားလည်ထားဖို့ လိုတယ်။ ဥပမာ 3D, animation (လူ၊ တိရစ္ဆာန်ပုံများကို လှုပ်ရှားသက်ဝင်သည့်ပုံ လုပ်ဆောင်ပေးသည့် နည်းပညာ)တို့က နိုင်ငံခြားကိုပဲ အပ်မှာ။ အပ်တဲ့အခါမှာ သူတို့ကို ငါတို့က ဘာလိုချင်တယ်ဆိုတာ ပြောဖို့အတွက် ငါတို့က ဘာလိုချင်တယ်ဆိုတာ ပြောဖို့အတွက် မြန်မာပြည်က ပညာရှင်ကတဆင့် ပြောပေးရမှာဆိုတော့ ဒီကဏ္ဍပိုင်းအတွက် ပြောဆိုဖို့ ဒီကော်မတီကို ဖွဲ့တာပါ။”
ဒါ့အပြင် ဗိုလ်ချုပ်ဇာတ်လမ်းအတွက် ကူညီဖို့ ဟန်ဂေရီဖွား ဂျူးလူမျိုး အမေရိကန် ရင်းနှီးမြှုပ်နှံသူ သန်းကြွယ်သူဌေး ဂျော့ဆိုရော့စ်က တဦးတည်း ငွေကြေးထောက်ပံ့ဖို့ ဒီဇင်ဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်မယ် လို့လည်း ပြည်တွင်း သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်နေရာ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်နေရာမှာ မျက်နှာသစ် သရုပ်ဆောင်တွေကို ရွေးချယ်သွားမှာ ဖြစ်ပြီး ကျန်ဇာတ်ကောင်နေရာတွေမှာတော့ နာမည်ရ သရုပ်ဆောင်တွေထဲက တူရာတူရာကို ရွေးချယ်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
“အဓိကကတော့ အမေစုရဲ့ ရည်ရွယ်ချက်က ဒီကားက နိုင်ငံတကာကို ထိုးဖောက်မယ်။ နိုင်ငံတကာကိုပြတဲ့အခါ မြန်မာပြည်က သရုပ်ဆောင်တွေကို နိုင်ငံတကာက မြင်အောင်ဆိုတဲ့ ရည်ရွယ်ချက်ရယ်။ နောက်တခုက မြန်မာပြည်က ပရိသတ်အနေနဲ့လည်း သူတို့ချစ်တဲ့ သရုပ်ဆောင်တွေကို ဒီ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိဇာတ်ကားမှာ မြင်စေချင်တာရယ် အဲဒီ ၂ ခုကြောင့် အနုပညာရှင်တွေကို အသုံးပြုဖို့ အမေစု ဆုံးဖြတ်ထားပါတယ်။”
ပါဝင်ရမယ့် သရုပ်ဆောင်တွေကို ဒီလကုန်မှာ ကော်မတီဝင်တွေက စိစစ်ရွေးချယ်သွားမှာ ဖြစ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲလည်း ပြုလုပ်မယ်လို့ သိရပါတယ်။
လာမယ့် ၂၀၁၅ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်ရိုက်ကူးဖို့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ ရုပ်ရှင် အနုပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ကော်မတီဖွဲ့စည်းပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီမှာ နာယကအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ဥက္ကဋ္ဌ ဦးမိုးသူ၊ ဒုဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူးအဖြစ် ဇာဂနာနဲ့ အနုပညာရှင်တချို့ ပူးပေါင်း ပါဝင်ထားပါတယ်။
ဒီလ ၁၆ ရက်ကနေ့ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံဘန်ကောက်နဲ့ ကဘောဒီယားနိုင်ငံတွေကို ဇာဂနာ၊ အရိုင်း၊ မောင်မောင်သာမြင်တို့ ရုပ်ရှင်ပညာရပ်ဆိုင်ရာ လေ့လာရေးအတွက် သွားရောက်ခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထ္တုပတ္တိရုပ်ရှင် ဇာတ်ကားအတွက်လည်း လေ့လာခဲ့တယ်လို့ သိရပါတယ်။