Home
မြန်မာသတင်း
လက်ပံတောင်းတွင် ကုမ္ပဏီကားများအား ပိတ်ဆို့ဆန္ဒပြသူ ၂၅ ဦးကို ရဲက အမှုဖွင့်
DVB
·
February 24, 2017
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အသုံးပြုတဲ့ ကုမ္ပဏီပိုင်ကားတွေကို ပိတ်ဆို့ဆန္ဒပြတဲ့ ဦးဆောင်သူတွေကို မြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ဆန္ဒပြသူတွေအနက် ကိုဝင်းကျော်၊ ဆားလင်းကြီးမြို့နယ် ဇီးတောကျေးရွာရွာဟောင်း စန်းမြဝတီကျောင်းတိုက်မှ ဥူးစန္ဒာသီရိ၊ ဒေါ်သန်းမြ၊ ကိုရာဇာ စတဲ့ ဦးဆောင်သူ ၂၅ ဦးကို ဖေဖော်ဝါရီ ၂၃ ရက်က ရဲကအမှုဖွင့်လိုက်တာပါ။ လက်ပံတောင်းတောင် ဒေသခံတောင်သူတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်က စတင်ကာ မိုးကြိုးပြင်အလယ်ရွာထိပ်ရှိ မုံရွာ-ပုသိမ်လမ်းပေါ်မှာ မြန်မာဝမ်ပေါင် ကုမ္ပဏီပိုင် ကြေးနီကားတွေကို ထန်းတုံးတွေနဲ့ တားဆီးခဲ့ပြီး သီးနှံလျော်ကြေးရရှိဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းတောင် အစီခံစာအတိုင်း လေးစားလိုက်နာဖို့၊ အစားထိုးမြေဧက ၁၉၀၀ ကို ပြန်လည်ဖော်ထုတ်ပေးရန်နဲ့ ဒေသခံ တောင်သူတွေရဲ့ လူမှုဘဝတိုးမြှင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။ အခုလို ဆန္ဒပြတောင်းဆိုမှုတွေကြောင့် ဦးဆောင်ပါဝင်သူတွေကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၉၊  ကုမ္ပဏီကားအား တာဆီးပိတ်ဆို့ခဲ့တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ-၁၄၃/၄၃၁ တွေနဲ့ ဆာလင်းကြီးမြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024