လာမည့် မတ်လဆန်း ရန်ကုန်တွင် ရေ ၆ ရက် ပြတ်မည်
ပိုင်စိုး
·
February 24, 2017
လာမယ့် မတ်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ရန်ကုန်မှာ ရေ ၆ ရက်ပြတ်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနဲ့ ရေသန့်ရှင်းမှု အင်ဂျင်နီယာဌာနက ကြေညာထားပါတယ်။
ဝါးဒလယ်ကွန်ကရစ်ရေတံလျှောက် အထွက်မြောင်းကို ကြံ့ခိုင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် ဖြစ်တယ်လို့ ကြေညာပါတယ်။
ဒါကြောင့် ညောင်နှစ်ပင်ရေသန့်စင်စက်ရုံမှာရေပြတ်မှာဖြစ်ပြီး အဲဒီက ရေပေးဝေနေတဲ့ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ် (တောင်/မြောက်/အရှေ့/ဆိပ်ကမ်း)၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ ရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာ ရေပြတ်မှာပါ။
ရေပြတ်မယ့်အချိန်က မတ်လ ၁ ရက်နေ့ မနက် ၆ နာရီကနေ ၆ ရက်နေ့ ည ၈ နာရီအထိ ဖြစ်ပါတယ်။
ရေလိုအပ်မယ်ဆိုရင် အရှေ့ပိုင်းခရိုင်မှူး ဖုန်း ၀၉၅၁၈၈၄၂၈၊ အနောက်ပိုင်းခရိုင်မှူး ဖုန်း ၀၉၇၃၀၀၀၀၅၈၊ တောင်ပိုင်းခရိုင်မှူး ဖုန်း ၀၉၅၀၅၄၅၆၅နဲ့ မြောက်ပိုင်းခရိုင်မှူး ဖုန်း ၀၉၅၀၈၁၂၂၉ ကို ဆက်သွယ်နိုင်တယ် လို့လည်း ကြေညာထားပါတယ်။
ရေပြတ်လပ်သူတွေကို ဘယ်လိုအခြေအနေမှာ ဘယ်လိုပုံစံနဲ့ ကူညီနိုင်မလဲဆိုတာကို စည်ပင် ရေဌာနက ခရိုင်မှူးတယောက်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ ကြိုတင်စီစဉ်ထားတာ ရှိတယ်လို့ပဲ ဖြေဆိုပြီး သူ့အနေနဲ့ အသေးစိတ်ဖြေကြားခွင့် မရှိဘူးလို့ ပြောခဲ့ပါတယ်။