မီးလောင်ဂက်စ်အိုးကို သက်စွန့်ဆံဖျား ဘေးလွတ်ရာ ယူသွားခဲ့သည့် မီးသတ်သမား (ရုပ်သံ)

ဖေဖော်ဝါရီ ၂၂ ရက်နေ့က တရုတ်ပြည်မကြီး ဟူဘေးပြည်နယ်၊ ရှန်းယန့်မြို့မှာ မီးလောင်နေတဲ့ ဂက်စ်အိုးကို အိမ်ထဲကနေ ပွေ့ထွက်လာတဲ့ မီးသတ်သမားတဦးကို လူတွေက သူရဲကောင်းအဖြစ် ချီးကျူးပြောဆိုခဲ့ကြပါတယ်။ လူနေတိုက်တန်းထဲက အိမ်တအိမ်မှာ ညနေ ၆ နာရီလောက်က မီး စတင်လောင်ကျွမ်းခဲ့တာပါ။ ဂက်စ်အိုးကနေ စပြီး အိမ်ကိုမီးစွဲခဲ့တာလို့ အိမ်ရှင်က ပြောခဲ့ပါတယ်။ မီးသတ်သမားတွေ ရောက်လာတဲ့အချိန်မှာ ဂက်စ်အိုးဘားက ကျိုးနေပြီး ပြန်ပိတ်လို့မရဘဲ မီးစွဲလောင်နေတာ ဖြစ်ပါတယ်။ သူတို့က အဲဒီဂက်စ်အိုးကို မပေါက်ကွဲခင် ချက်ချင်း ဘေးလွတ်ရာ ထုတ်ယူသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မီးသတ်သမား ဝမ်ဝန်ထိုင်းက မီးလောင်နေတဲ့ ဂက်စ်အိုးကို ကောက်ယူပြီး အဆောက်အဦရဲ့ အပြင်ဘက်ကို ဆွဲထုတ်သွားခဲ့ပါတယ်။ မီးသတ်သမားတွေက မီးလောင်နေတဲ့ဂက်စ်အိုးကို ၁၀ မိနစ်အတွင်းမှာ အပူလျော့အောင်လုပ်ပြီး မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ သူဟာ ဂက်စ်အိုးကမီးကို ရေစိုအဝတ်တွေနဲ့ နှစ်ကြိမ်သုံးကြိမ် ကြိုးစားငြှိမ်းကြည့်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။ မီးရဲ့အပူက သူ့ကို ဟပ်နေပေမယ့် အဲဒီအချိန်က သူ့စိတ်ထဲမှာ ဒီအိုးကို စိတ်ချရတဲ့နေရာကို ဆွဲထုတ်သွားဖို့ပဲ ရှိတဲ့အကြောင်း ဝမ်ဝန်ထိုင်းက ဆက်ပြောခဲ့ပါတယ်။ အဲဒါကိုမြင်လိုက်တဲ့ ဒေသခံတဦးက “သူက မီးလောင်နေတဲ့ ဂက်စ်အိုးကြီးဆွဲပြီး ထွက်လာတာလေ။ ငါတို့အတွက် သူတို့အသက်ကိုတောင်စွန့်ပြီး ကာကွယ်ပေးတယ်ဆိုတာ ဘယ်လောက်ချီးကျူးစရာကောင်းလဲ” လို့ ပြောပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up