Home
မေးမြန်းခန်း
တကယ်ငြိမ်းချမ်းရေးကို လိုလားတဲ့ပုံပေါ်တယ် (နိုင်ဟံသာနှင့် မေးမြန်းချက်)
DVB
·
December 23, 2011
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ [caption id="attachment_16285" align="alignleft" width="310" caption="နိုင်ဟံသာ"][/caption] ဒီတွေ့ဆုံဆွေးနွးမှုအတွင်း နှစ်ဖက် အပြန်အလှန် ပြောဆိုချက်တွေနဲ့ ရထားဝန်ကြီး ဦးအောင်မင်းအပေါ် သဘောထားတွေကို မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို ဆက်သွယ် မေးမြန်းထားပါတယ်။ မနေ့က မီးရထားဝန်ကြီးနဲ့ မွန်ပြည်သစ်ပါတီနဲ့ တွေ့ဆုံခဲ့ကြတယ်။ သူက ဘယ်မူတွေအပေါ် အခြေခံပြီး တွေ့တယ်လို့ အန်ကယ်တို့ မြင်ပါသလဲ။ “ဦးလေးတို့နဲ့​ တွေ့တဲ့အချိန်မှာ သူက ငြိမ်းချမ်းရေးအစီအစဉ် အဆင့်​သုံးဆင့်ကို တင်ပြတယ်။ ပထမအဆင့်က အပစ်အခတ် ရပ်စဲရေး။ အဲဒီအပစ်အခတ် ရပ်စဲရေး​ လုပ်တဲ့နေရာမှာ တဖွဲ့ချင်းစီ လုပ်ဖို့ရယ်၊ နောက် အပစ်အခတ် ရပ်စဲရေး​ လုပ်ပြီးရင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ရယ်။ အပစ်အခတ် ရပ်စဲထားတဲ့ကာလမှာ ဒီအဖွဲ့ဝင်တွေ တနေရာကနေ တနေရာကို သွားချင်ရင် လက်နက်မပါဘဲ အသိပေး ခွင့်တောင်းပြီးမှ သွားလာဖို့ အဲဒါတွေကို တင်ပြတယ်။ “ဒုတိယအဆင့်က နိုင်ငံရေးအရ ဆွေးနွေးဖို့ တင်ပြတယ်။ ဗဟိုအစိုးရနဲ့ တွေ့ဆုံဖို့၊ ကြိုက်တဲ့ပုံစံ တင်ပြကြပေါ့။ အဲဒီအဆင့် နားလည်မှု ရပြီးရင် တတိယအဆင့်အနေနဲ့ နေပြည်တော်မှာ ပင်လုံကဲ့သို့သော ညီလာခံတခု ကျင်းပပြီး အဖွဲ့ပေါင်းစုံ ပါဝင်နိုင်မယ့် ဆွေးနွေးမှုပေါ့။ အဲဒီမှာ တက်ရောက်ပြီး ဆွေးနွေး​ တင်ပြကြ။ နားလည်မှုရရင် သဘောတူညီ လက်မှတ်ထိုး၊ နောက်ပြီးတော့မှ လိုအပ်တဲ့​ အချက်တွေကို ဖွဲ့စည်းပုံမှာ ပြင်ဆင်နိုင်ဖို့ လွှတ်တော်ထဲမှာ အဲလိုပုံစံမျိုး သူတို့ပြောတယ်။” သူတို့ပြောဆိုတဲ့အပေါ်မှာကော မွန်ပြည်သစ်အနေနဲ့​ ဘယ်လို မြင်ပါသလဲ။ “ဦးလေးတို့ ပြန်ပြောလိုက်တာက တဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေး​ လုပ်ပြီးတော့ အဖွဲ့တချို့ကို အပစ်ရပ်ထားပြီးတော့မှ ကျန်တဲ့အဖွဲ့ကို တိုက်နေတာမျိုး မဖြစ်စေချင်ဘူး။ ဦးလေးတို့လည်း ဒါက ငြိမ်းချမ်းရေးလုပ်နေတာ ဆိုပေမယ့် အပစ်အခတ် ရပ်စဲရေး လုပ်ဖို့လိုတယ်ဆိုတာကို လက်ခံတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေးလုပ်ရင် တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားဒေသ အားလုံးမှာ တချိန်တည်းမှာ ပြီးပြတ်ဖို့လိုတယ်။ အဲဒါကို ဖြစ်အောင်ကြိုးစားစီစဉ်မယ်။ အဖွဲ့ပေါင်းစုံက အဲဒါကို နားလည်မှုရပြီးရင် အပစ်အခတ် ရပ်စဲရေးလုပ်မယ်ဆိုရင် ဦးလေးတို့လည်း လက်ခံမယ်။ ဆိုတဲ့သဘောမျိုးပေါ့။ “နှစ်အချက်က နိုင်ငံရေးအရ ဆွေးနွေးတဲ့နေရာမှာ ဗဟိုအစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေ ပူးပေါင်းထားတဲ့ ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ)နဲ့ တွေ့ဆုံဖို့၊ ဒါထက်ပိုကောင်းတာက လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ အားလုံးစုပြီးတော့မှ ယူအန်အက်ဖ်စီ အပါအ၀င် ဗဟိုအစိုးရနဲ့ ဆွေးနွေးတဲ့ပုံစံမျိုး အဲဒါက ပိုပြီးတော့ ကောင်းတယ်လို့။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေမှာ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုဘာသာ ဒါတွေမတူပေမယ့် ဒေသအနေအထားချင်း မတူပေမယ့် အားလုံးကတော့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေးကို လိုချင်တယ်။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လိုချင်တယ်။ တူညီနေတဲ့အပေါ်မှာ တခါတည်း ဆွေးနွေးလိုက်ရင် အဲဒီမှာ နေရာကျသွားပြီးရင် ကျန်တဲ့အသေးစိတ် ကိစ္စတွေကတော့ နားလည်မှု ရယူဖို့က လွယ်လွယ်လေးပဲ။ အဲလိုပြောတယ်။ “တတိယအချက်က နေပြည်တော်မှာ ပင်လုံကဲ့သို့သော ကျယ်ပြန့်တဲ့ညီလာခံ တရပ် လုပ်တဲ့နေရာမှာ အစိုးရဘက်နဲ့ ဒီဘက်က တိုင်းရင်းသား အင်အားစုတွေ စုပေါင်းပြီးတော့မှ ဆွေးနွေးတဲ့အပေါ်မှာ နှစ်ဘက် နားလည်မှု တူညီတဲ့အပေါ်မှာ ဘာလုပ်ကြရင် ကောင်းမလဲ။ ဒါမှမဟုတ်ရင် တဘက်က ကြိုက်သလိုစီစဉ်ပြီးတော့မှ တဘက်ကို လိုက်ဆက်နေရမယ်ဆိုရင်တော့ ဒါက သိပ်အဆင်မပြေနိုင်ဘူး။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ အမျိုးသားညီလာခံလို အစိုးရဘက်က ကိုယ်စားလှယ်တွေ ကြိုက်သလိုရွေးထားတယ်။ အစိုးရဘက်က ချထားတဲ့မူပေါ်မှာ တဘက်က သွားပြီးတော့ ဆွေးနွေးရမယ်ဆိုရင် ဒါက သိပ်အဆင်မပြေဘူး။ ဒါကတော့ သိပ်မသင့်တော်ဘူးပေါ့။ အဲလိုပြောခဲ့ပါတယ်။ သူတို့လည်း ဦးလေးတို့ရဲ့ အပြောကို ဘယ်လိုမှ ချေပတဲ့ပုံစံမျိုးနဲ့ မရှိပါဘူး။ ဒါပေမယ့် သူတို့ကလည်း ယူအန်အက်ဖ်စီကို ငြင်းပယ်တဲ့သဘောတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒီကိစ္စကလည်း ဖြစ်ဖို့ဆိုတာ သူတို့လည်း စဉ်းစားမယ်ပေါ့။ အဲဒီပုံစံမျိုးတော့ ပြောပါတယ်။” မွန်ပြည်သစ်ပါတီနဲ့ ဦးအောင်မင်းနဲ့တွေ့တာ ပထမဆုံး အကြိမ်ဆိုတော့ နောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ ရှိသေးလား။ “လာမယ့် နှစ်သစ်မှာ ဇန်န၀ါရီမှာ ထပ်တွေ့ဖို့ သူတို့ဘက်ကတော့ ပြောပါတယ်။ ဦးလေးတို့ဘက်ကတော့ အခုတွေ့ဆုံမှု အနေအထားနဲ့ နောက်ထပ် တွေ့ဆုံဖို့ ဆိုတဲ့ကိစ္စတွေကို ဒါက သက်ဆိုင်ရာ ခေါင်းဆောင်တွေကို တင်ပြမယ်။ ဗဟိုကော်မတီ အစုအဖွဲ့တွေ တင်ပြပြီးတော့မှ ဗဟိုကော်မတီကလည်း အဆုံးအဖြတ် ပေးရမယ်။ ဦးလေးတို့ အခုလာတာတော့ ပဏာမသဘော၊ တခါမှ မတွေ့ရသေးတဲ့ အပေါ်မှာ လာပြီးတော့ တွေ့တယ်။ ကိုယ့်အမြင်၊ သူ့အမြင်တွေကို ဖလှယ်ကြတဲ့ သဘောပဲ။ အဲလိုတော့ ပြန်ပြောထားလိုက်တယ်။” တဖွဲ့ချင်းစီပဲ ဆွေးနွေးပြီးတော့ အပစ်အခတ် ရပ်စဲဖို့ လုပ်မယ်ဆိုတော့ ယူအန်အက်ဖ်စီရဲ့ သဘောထားနဲ့လည်း မကိုက်ညီဘူးဆိုတော့ အန်ကယ်တို့ ဘယ်လို ဆက်လုပ်ဖို့ ရှိလဲ။ “အဲဒါကတော့ ကိုယ့်အမြင်ကိုလည်း သူတို့ဘက်က နားလည်ပြီးတော့​ ​ပြင်ဆင်လာနိုင်အောင်တော့ တဘက်က ဦးလေးတို့က ပြောပြတာပေါ့။ သူတို့ဘက်ကကလည်း သူတို့ပြောတဲ့ဟာတွေကို ဦးလေးတို့ ဘက်က သေသေချာချာ စဉ်းစားရတာပေါ့။ အဲလိုပေါ့။” ဦးအောင်မင်းနဲ့ တွေ့ဆုံတဲ့အခါ သူ့ရဲ့ သဘောထားကို မွန်ပြည်သစ်က​ ဘယ်လိုမြင်လဲ။ “သူကတော့ တကယ်ငြိမ်းချမ်းရေးကို လိုလားတဲ့ပုံပေါ်တယ်။ နောက်ပြီး သူက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်၊ ဦးလေးတို့ ဆွေးနွေးတင်ပြတဲ့အပေါ်မှာလည်း သူဘက်က ကြိုဆိုပြီး လက်ခံနားထောင်တဲ့ ပုံစံမျိုးသဘောတော့ ရှိတယ်။” တခြား ဘာများပြောစရာရှိပါသလဲ။ “တခြားကိစ္စတွေ နို်င်ငံရေးအကျဉ်းသား ကိစ္စတွေ လွှတ်ပေးဖို့ ဆိုတဲ့ဟာကိုလည်း ပြောပါတယ်။ သူတို့ဘက်က ပြောပါတယ်။ သူတို့လည်း ရည်ရွယ်ထားပြီးသား ရှိပါတယ်။ လာမယ့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ တွေမှာ လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း၊ ဦးလေးတို့အဖွဲ့ထဲက အဖမ်းခံနေရတဲ့ လူတွေကိုလည်း ဦးလေးတို့ စာရင်းပေးတယ်။ တချို့ဦးလေးမသိတဲ့ ပုဂ္ဂိုလ်တွေလည်း စာရင်းပေးတယ်။ ဒါတွေကို လွှတ်ပေးဖို့ တင်ပြတယ်။ “နောက်ပြီးတော့ ဦးလေးတို့က ပြည်ထောင်စုမှာ တိုင်းရင်းသားတွေ အားလုံးချစ်ချစ်ခင်ခင်နဲ့ အတူနေထိုင်နိုင်ဖို့က ဦးလေးရဲ့ မွန်ပြည်နယ်မှာဆိုရင် မွန်စာပေကို သင်ကြားရေး၊ မွန်ဘာသာစကားကိုလည်း ဘာသာရပ်တခုအနေနဲ့ ရုံးသုံးဘာသာအဖြစ် မွန်ပြည်နယ်မှာ သတ်မှတ်ပေးဖို့လည်း တင်ပြတယ်။ သူပြောတယ် မွန်ပြည်နယ်မှာ မွန်စာသင်ပေးတာတော့ မခဲယဉ်းဘူး။ လုပ်ပေးရင်ဖြစ်နိုင်တာပေါ့။ လွယ်လွယ်နဲ့လုပ်ပေးလို့ ရပါတယ်တဲ့။ ဒါပေမယ့် ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ဖို့ဆိုတာ လူကြီးတွေရဲ့ ဆန္ဒကို မေးချင်တယ်။ ​နောက်ပြီးတော့ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့လိုတယ်။ အဲဒါကတော့ အခက်အခဲရှိတယ်ဆိုတာကို အဲလိုမျိုးတော့ ပြောပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024