ဟားခါးမြို့တွင် မီးလောင်မှုကြောင့် လူ ၁ ဦး သေဆုံး
DVB
·
February 24, 2017
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ချယ်ရီလမ်းနဲ့ အ.ထ.က (၁) ဝန်ထမ်း အိမ်ရာကြားရှိ ဦးလျန်တီလ်ရဲ့နေအိမ်မှာ ဖေဖော်ဝါရီ ၂၃ ရက် ည ၁၂ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဦးလျန်တီလ်နေအိမ်အပေါ်ထပ်မှာ အိမ်ငှားနေထိုင်တဲ့ ဦးရန်အောင်ကျော် (ခ) မောင်မောင်က မီးပျက်နေလို့ အိမ်အောက်ထပ်မှာ ငှားရမ်းနေထိုင်တဲ့ ဒေါ်ဆုန်သန်းထံက ဖယောင်းတိုင် တောင်းယူပြီး အိပ်ခန်းတွင်းထွန်းညှိထားရာမှ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကို အိမ်ငှားနေသူ ဦးရန်အောင်ကျော် (ခ) မောင်မောင်က တယောက်တည်း ငြှိမ်းသတ်နေရာမှ မီးအရှိန်ပြင်းပြီး ခန္ဓာကိုယ်မီးကူးကာ မီးလောင်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အိမ်အောက်ထပ်မှာ ငှားရမ်းနေတဲ့ ဒေါ်ဆုန်သန်းတို့ မိသားစုကတော့ မီးလောင်တာ သိသိချင်း အိမ်ပြင်ထွက်ပြေးလို့ လွတ်မြောက်ခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၆ စီး၊ အုပ်ချုပ်ယာဉ် ၁ စီး၊ မီးတပ်အင်အား ၃၀ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ဦးလျန်တီလ်ရဲ့နေအိမ်အပါအဝင် ပတ်ဝန်းကျင်က သွပ်မိုးပျဉ်ကာ နှစ်ထပ်အိမ် ၂ လုံး၊ ဆိုင်ကယ် ၃ စီးတို့ကို မီးကူးစက်လောင်ကျွမ်းခဲ့ရာ စုစုပေါင်းငွေကျပ်သိန်း ၄၀ကျော် ဆုံးရှုံးခဲ့ပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာ သုံးစွဲလို့ သေဆုံးခဲ့သူ ဦးရန်အောင်ကျော် (ခ) မောင်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၂၈၅ အရ ဟားခါးမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - အောင်ကိုလတ်