ကျန်းမာရေးဝန်ထမ်းများ၏ ၀န်ထမ်းအိမ်ရာဆောက်ရန် ဘဏ္ဍာငွေတိုးတောင်းမည်
နေဖြိုးဝင်း
·
February 24, 2017
ကျန်းမာရေးဝန်ထမ်းတွေရဲ့ ၀န်ထမ်းအိမ်ရာတည်ဆောက်ဖို့ ဘဏ္ဍာငွေတိုးမြှင့် တောင်းခံသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီကနေ့ အမျိုးသားလွှတ်တော်မှာပြောပါတယ်။
မွန်ပြည်နယ်မဲဆန္ဒနယ်က ဦးအေးမင်းဟန်ရဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နေထိုင်ဖို့ ၀န်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းကို ပြန်လည် ဖြေဆိုတာမှာ ပြည်ထောင်စုဝန်ကြီး က အခုလိုထည့်သွင်း ပြောတာပါ။
“၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၀န်ထမ်းအိမ်ရာတည်ဆောက်မယ့် ဘဏ္ဍာငွေကို နှစ်ဆ သို့မဟုတ် သုံးဆ ပိုပြီး တင်ပြတောင်းခံမှာဖြစ်ပါတယ်။ အခြားအပိုင်းက ဘဏ္ဍာငွေကို လျှော့ချပြီး စုစုပေါင်း တောင်းခံမယ့် ဘဏ္ဍာငွေကို ပြောင်းလဲမှု မရှိအောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၀န်ထမ်းအိမ်ရာ တည်ဆောက်ဖို့အတွက် ငွေကျပ် ၉၁၀၀ သန်း လျာထား တောင်းဆိုထားပြီး အဲဒီပမာဏနဲ့ ၀န်ထမ်းအိမ် ရာပေါင်း ၅၀၀၀ ကျော်တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။